မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ဒီမီတာ ဘာဘာတော့ဗ်က ဗီလာနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်အတွင်း ဝါရင့်နောက်ခံလူ ဂျွန်နီ အီဗန်စ် Man of the Match ကို ရရှိခြင်းနဲ့ ပတ်သက်ပြီး အသင်းက ကစားသမားတွေအပေါ် ပြစ်တင်စကားတွေ ပြောဆိုသွားခဲ့ပါတယ်။
ဗီလာပါ့ခ်မှာ ကစားသွားခဲ့တဲ့ ဗီလာနဲ့ မန်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ဟာ ပျင်းရိစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ရပြီး ယူနိုက်တက်ကလည်း ဒီပွဲမှာ အသင်းရဲ့ ဗဟိုခံစစ်နေရာအတွက် မက်ဂွိုင်းယားနဲ့ ဂျွန်နီ အီဗန်စ်တို့ အတွဲအဖက်ကို အံ့အားသင့်ဖွယ် အသုံးပြုလာပေမယ့် ဒီအတွဲက ပိုပြီးတော့ကို အလုပ်ဖြစ်ခဲ့ရပါတယ်။
Photo Credit : CentreGoals
အထူးသဖြင့်တော့ အသက် (၃၆)နှစ် အရွယ်တောင် ရှိနေပြီဖြစ်တဲ့ ဝါရင့် ကစားသမားကြီး အီဗန်စ်က တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရတဲ့အထိ စွမ်းဆောင်ပြနိုင်ခဲ့တာဟာ သူ့အတွက်တော့ ဂုဏ်ယူစရာကောင်းပေမယ့်လည်း ကျန်တဲ့ ကစားသမားတွေအတွက်ကတော့ ရှက်ဖွယ်အတိ ဖြစ်ခဲ့ရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ယူနိုက်တက် တိုက်စစ်ကစားသမားဟောင်းကြီး ဘာဘာတော့ဗ်က “တစ်ပွဲလုံးမှာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ဂျွန်နီ အီဗန်စ်က အသက် (၃၆)နှစ်တောင် ရှိနေပြီမို့ ကွင်းထဲက ကစားသမားတိုင်း ဒါကို ရှက်သင့်ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ရမှတ်တွေ ရယူဖို့ လိုအပ်နေတာကြောင့် ဒီပုံစံအတိုင်းဆိုရင် ဝေဖန်မှုတွေက ဆက်လက် ကြီးထွားနေဦးမှာပဲ။”
Photo Credit : The Sun
“အခု သူတို့ အမှတ်ပေးဇယားရဲ့ အဆင့် (၁၄)နေရာမှာ ရှိနေတာကလည်း မယုံနိုင်စရာပါပဲ။ ဒါကို ပြင်ဆင်ဖို့ တစ်ခုတည်းသော အရာကလည်း ရမှတ်တွေ ရယူဖို့ပါပဲ။ ဒါပေမယ့် ဒီအချိန်မှာ သူတို့အသင်း ကစားနေတဲ့ ပုံစံမျိုးနဲ့ဆိုရင်တော့ လိုအပ်နေတဲ့ အမှတ်တွေကို ရယူဖို့ဆိုတာကလည်း ခက်ခဲနေဦးမှာပါ။” ဆိုပြီး ပြစ်တင် ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဖွင့် (၇)ပွဲ ကစားထားပြီးချိန် နိုင်ပွဲ (၂)ပွဲ သရေပွဲ (၂)ပွဲ ရှုံးပွဲ (၃)ပွဲနဲ့ ရမှတ် (၈)မှတ်သာ ရယူထားနိုင်သေးတာမို့ ဒါက ယူနိုက်တက်အတွက်တော့ အသင်းသမိုင်းကြောင်းတစ်လျှောက် အဆိုးရွှားဆုံး ပရီးမီးယားလိဂ် တာထွက် ဖြစ်ခဲ့ရပါတယ်။