ပေါ်တူဂီကြယ်ပွင့်လေး ဂျာအိုဖေးလစ်ကို ချယ်လ်ဆီးအသင်းက အသက်လက်တီကိုမက်ဒရစ်အသင်းကနေ အငှားနဲ့ ခေါ်ယူထားခဲ့သလို မန်ချက်စတာယူနိုက်တက်ကလည်း နယ်သာလန် တိုက်စစ်မှူး ဗက်ဟို့စ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေချိန်ဖြစ်လို့ ဒီလို အငှားခေါ်ယူမှုတွေနဲ့ ပတ်သတ်ပြီး ပရီးမီးယားလိဂ်အသင်းတွေအတွက် အကျိုးရှိစေခဲ့တဲ့ အငှားခေါ်ယူမှုအကြောင်းကို စုစည်းဖော်ပြပေးသွားချင်ပါတယ်။

အိုဒီဂတ်(အာဆင်နယ်)

နော်ဝေ ကွင်းလယ်လူ အိုဒီဂတ်ကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ဆောင်းဈေးကွက်မှာ ရီးယဲလ်မက်ဒရစ်ကနေ အာဆင်နယ်ကို အငှားနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့လို့ အာဆင်နယ်က အပြီးသတ်ပါ ခေါ်ယူခဲ့တဲ့အပြင် အခုဆိုရင်ပဲ အိုဒီဂတ်ဟာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

လူကာကူ(အဲဗာတန်)

၂၀၁၃-၂၀၁၄ ဘောလုံးရာသီတုန်းက အဲဗာတန်အသင်းဟာ လူကာကူကို ချယ်လ်ဆီးကနေ အငှားနဲ့ ခေါ်ယူခဲ့ပြီး လူကာကူကလည်း အဲ့ဒီနှစ်မှာပဲ အဲဗာတန်အတွက် ပရီးမီးယားလိဂ်ဂိုး (၁၅)ဂိုး သွင်းယူနိုင်ခဲ့သလို အသင်းကိုပါ အမှတ်ပေးဇယားရ့ အဆင့်(၅)နေရာထိ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အဲဗာတန်က လူကာကူကို ပေါင်(၂၈)သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့ပြီး ၂၀၁၇ခုနှစ်မှာပဲ ပေါင်(၇၅)သန်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောင်းချနိုင်ခဲ့ပါတယ်။

တဲလ်ဗက်ဇ်(မန်ချက်စတာယူနိုက်တက်)

ယူနိုက်တက်က တဲလ်ဗက်ဇ်ကို ဝက်စ်ဟမ်းကနေ (၂)ရာသီအငှားနဲ့ ခေါ်ယူခဲ့ပြီး အသင်းရဲ့ တိုက်စစ်မှာလည်း ရော်နယ်လ်ဒို-ရွန်နီ-တဲလ်ဗက်ဇ်ဆိုတဲ့ ကြောက်ခမန်းလိလိ attacking trio ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ တဲလ်ဗက်ဇ်က ယူနိုက်တက်အတွက် (၉၉)ပွဲကစား (၃၄)ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလားကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က တဲလ်ဗက်ဇ်ကို အပြီးသတ် မခေါ်နိုင်ခဲ့ပဲ မြိုခံ မန်စီးတီးက တဲလ်ဗက်ဇ်ကို အရ ခေါ်ယူသွားခဲ့ပါတယ်။

ဂါရတ်ဘေးလ်(စပါး)

ကူလူဆက်ဗ်စကီး ရိုမဲရိုးတို့ထက် အသင်းကို အငှားစာချုပ်နဲ့ တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ ဘေးလ်က တစ်ရာသီအတွင်းမှာပဲ စပါးအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပွဲအများစုမှာ လူစားဝင် ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရတဲ့ ဘေးလ်က သူ့အသင်းဟောင်းအတွက် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်းမှာပဲ ပြိုင်ပွဲစုံသွင်းဂိုး (၁၆)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပါတယ်။

လင်ဂတ်(ဝက်စ်ဟမ်း)

ယူနိုက်တက်မှာ နေရာပျောက်နေသူ လင်ဂတ်ကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်းဟာ မထင်မှတ်ပဲ အကျိုးရှိတဲ့ အငှားခေါ်ယူမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ပြီး လင်ဂတ်ကလည်း ဝက်စ်ဟမ်းအတွက် ပရီးမီးယားလိဂ် (၁၆)ပွဲအတွင်းမှာ သွင်းဂိုး(၉)ဂိုးနဲ့ ဂိုးဖန်တီးမှု(၄)ကြိမ် စွမ်းဆောင်ပေးနိုင်ခဲ့သလို အသင်းကိုပါ ဥရောပဝင်ခွင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အပြီးသတ် ခေါ်ယူနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။