MySport Myanmar

ရစ်ချာလီဆန် (သို့) ကဲလ်ဗတ်လီဝင် တစ်ဦးဦးကို လက်လွတ်သွားရတော့မယ့် အဲဗာတန်

ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းဟာ လတ်တလောမှာ ရင်ဆိုင်ကြုံတွေ့့နေရတဲ့ အသင်းရဲ့ ဘဏ္ဍာရေး အရှုံးပေါ်နေရတဲ့ အခြေအနေတွေကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့စျေးကွက် ဖွင့်လှစ်ချိန်မှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ ကဲလ်ဗတ်လီဝင်တို့ နှစ်ယောက်ထဲကမှ ကစားသမားတစ်ယောက်ယောက်ကို မဖြစ်မနေ ရောင်းထုတ်သွားရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Inside Futbol

အဲဗာတန်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန််နဲ့ ကဲလ်ဗတ်လီဝင်တို့နှစ်ယောက်ကို ပရီးမီးယားလိဂ်က ထိပ်သီးကလပ်အသင်းတွေအပြင် ဥရောပရဲ့ အင်အားကြီး ကလပ်အသင်းတွေကပါ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ အရင်ကတည်းက အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေရတဲ့ ဒီကစားသမားနှစ်ဦးကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တဲ့ အဲဗာတန်အသင်းဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးရွှားနေရလို့ တန်းဆင်းရနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာပါ ပေါင်(၁၂၁)သန်းအထိပါ အရှုံးပေါ်ထားခဲ့ရတာဖြစ်လို့ အသင်းရဲ့ ဘဏ္ဍာရေး ဟန်ချက်ညီစေဖို့အတွက် ဒီကစားသမားနှစ်ဦးထဲက အနည်းဆုံးတစ်ဦးကိုတော့ မဖြစ်မနေ ရောင်းထုတ်ရဖွယ် ရှိနေရပါတယ်။

Photo Credit : Premier League

အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပေါင်(၁၂၁)သန်းထိ အရှုံးပေါ်ခဲ့ရပြီး ဘောလုံးရာသီ (၃)ရာသီအတွင်းမှာလည်း ပေါင်(၃၇၃)သန်းထိပါ အရှုံးပေါ်ခဲ့ရလို့ ဒီပမာဏဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေအားလုံးမှာ အများဆုံးပမာဏပါ ဖြစ်နေရတဲ့အတွက် အသင်းဘဏ္ဍာရေး ဟန်ချက်ညီဖို့ အသင်းရဲ့ထိပ်သီးကစားသမားတွေကို မဖြစ်မနေ ရောင်းထုတ်ရတော့မှာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်နေတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ကဲလ်ဗတ်လီဝင်ဟာ အသင်းကို ရောက်ရှိလာခဲ့တဲ့ ၂၀၁၆ခုနှစ်ကတည်းက အသင်းရဲ့တိုက်စစ်မှာ အကောင်းဆုံး ခြေစွမ်းပြနေသူဖြစ်ပြီး လတ်တလောမှာတော့ သူ့ကို အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကနေ ပစ်မှတ်ထားလို့နေပါတယ်။ ကဲလ်ဗတ်လီဝင်ရဲ့ အသင်းဖော် ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား ရစ်ချာလီဆန်မှာလည်း အဲဗာတန်ရဲ့ မရှိမဖြစ် ကစားသမားတစ်ဦးဖြစ်ပြီး သူ့ကိုလည်း ယူနိုက်တက်အသင်းနဲ့အတူ ဘာစီလိုနာ ရီးယဲလ်မက်ဒရစ်အသင်းတွေကပါ အလိုရှိနေကြလို့ ဒီကစားသမားနှစ်ဦးထဲက ဘယ်သူကများ လာမယ့်နှစ်မှာ ဘယ်အသင်းသစ်ဆီကို ရောက်ရှိနေမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။

Exit mobile version