ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်တုန်းက အဲဗာတန်အသင်းဟာ ဗီလာရီးယဲလ်အသင်းရဲ့ နယ်သာလန် တောင်ပံကစားသမား ဒန်ဂျူးမားကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေစဉ် စပါးအသင်းက ကြားဖြတ်ပြီး အငှားနဲ့ ခေါ်ယူခဲ့တာကြောင့် အဲဗာတန်တို့ အရှုံးပေးလိုက်ရပါတယ်။

Photo Credit : The Athletic

ဒါပေမယ့် အခုတော့ စပါးအသင်းက ဒန်ဂျူးမားကို အပြီးသတ် ခေါ်ယူခြင်း မရှိပဲ မူလကလပ် ဗီလာရီးယဲလ်အသင်းဆီ ပြန်လည် ပို့ဆောင်လိုက်သလို ဒန်ဂျူးမား ကိုယ်တိုင်ကလည်း ဗီလာရီးယဲလ်ဆီ မပြန်ချင်တော့ပဲ နောက်ထပ် အသင်းသစ်တွေဆီသာ ပြောင်းရွှေ့ချင်နေပါတယ်။ ဒါကြောင့် ကစားသမားရဲ့အေးဂျင့်ဖြစ်သူ အေစီမီလန်အသင်းနဲ့ပါ ချိတ်ဆက်ခဲ့သေးပေမယ့်လည်း နောက်ဆုံးမှာတော့ အဲဗာတန်ကပဲ ဒန်ဂျူးမားကို အငှားနဲ့ ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းခဲ့ရာ ဒီတစ်ချိန်တော့ အောင်မြင်သွားခဲ့ရပါတယ်။

Photo Credit : Twitter

ဒန်ဂျူးမားဆီကို ကမ်းလှမ်းမှုတွေ များစွာ ရောက်လာကြချိန် ကစားသမားကိုယ်တိုင်က ပရီးမီးယားလိဂ်မှာ ဘောလုံးရာသီ အပြည့်လုံး ဖြတ်သန်းလိုတဲ့အတွက် အဲဗာတန်အသင်းကိုသာ ရွေးချယ်လိုက်ပြီး တခြား ကမ်းလှမ်းမှုတွေကို ပယ်ချလိုက်ပါတယ်။ ဒန်ဂျူးမားက ဘုန်းမောက် စပါးအသင်းတွေနဲ့ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးပေမယ့်လည်း အဲ့ဒီနှစ်သင်းလုံးနဲ့ ဘောလုံးရာသီအပြည့် မဖြတ်သန်းခဲ့ရပဲ လက်ကျန် ရာသီဝက်တွေသာ ဖြတ်သန်းခဲ့ရပါတယ်။ ဒန်ဂျူးမားဟာ ပရီးမီးယားလိဂ်မှာ (၂၃)ပွဲသာ ကစားထားရသေးပြီး သွင်းဂိုးလည်း (၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် ဘယ်တောင်ပံ ကစားသမား ဒန်ဂျူးမားဟာ တောင်ပံ နှစ်ဖက်လုံးမှာ ကစားနိုင်တဲ့အပြင် လိုအပ်ရင်လည်း တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။