အဲဗာတန်အသင်းကတော့ လတ်တလောမှာ အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်(၂)ပွဲအတွင်းမှာပဲ သွင်းဂိုး(၄)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမားလေး ကဲလ်ဗတ်လီဝင်ရဲ့တန်ကြေးကို ပေါင်သန်း(၈၀)အထိ စျေးသတ်မှတ်လိုက်ပြီဖြစ်တာကြောင့် သူ့ကိုခေါ်ယူသွားဖို့ ပစ်မှတ်ထားလို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လီဝင်ကို ခေါ်ယူဖို့ကိစ္စကို လက်လျှော့သွားရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : NBC Sports

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ကဲလ်ဗတ်လီဝင်ဟာ လွန်ခဲ့တဲ့(၄)နှစ်ကမှ ရှက်ဖီးယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်(၁.၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆိုရင် အသင်းရဲ့အဓိကတိုက်စစ်ကစားသမားတစ်ယောက်အဖြစ်နဲ့ပင် သတ်မှတ်ခံထားရပြီပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း လီဝင်ဟာ အဲဗာတန်အသင်းအတွက် ပရီးမီိးယားလိဂ်သွင်းဂိုး(၄)ဂိုး သွင်းယူထားနိုင်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ ဝက်ဘရွန်းအသင်းနဲ့ ပွဲစဉ်မှာလည်း ဟက်ထရစ်သွင်းကို ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ်အဖြစ် သွင်းယူနိုင်ခဲဲ့ပါတယ်။

Photo Credit : Mirror

ဝါရင့်ကမ္ဘာကျော်နည်းပြကြီး ကားလို့စ်အန်စလော့တီရဲ့လက်အောက်မှာ ပိုမိုတောက်ပလာခဲ့တဲ့ တိုက်စစ်ကစားသမား ကဲလ်ဗတ်လီဝင်ကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေကနေ အပြိုင်အဆိုင်စိတ်ဝင်စားလာခဲ့ကြပြီး အဲဗာတန်ကစားသမားတွေကို အမြဲခေါ်ယူတတ်တဲ့ ယူနိုက်တက်အသင်းကတော့ လီဝင်ကို ခေါ်ယူသွားဖို့ စိတ်ဝင်အစားဆုံး ဖြစ်လို့နေပါတယ်။ ယူနိုက်တက်က အထောင်တိုက်စစ်နေရာအတွက် လီဝင်ကို ဒီနှစ်နွေစျေးကွက်အတွင်း ခေါ်ယူသွားဖို့အတွက် ပစ်မှတ်ထားလို့နေတာကြောင့် အဲဗာတန်အသင်းက အခုလို ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၈၀)အဖြစ် စျေးသတ်မှတ်လိုက်တာဖြစ်ပါတယ်။ လတ်တလောမှာ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ကဲလ်ဗတ်လီဝင်ကို အင်္ဂလန်လက်ရွေးစင်အသင်းကနေ လာမယ့် ခြေစမ်းပွဲတွေနဲ့ UEFA Nations League ပွဲတွေမှာ ရွေးချယ်သွားဖွယ်ရှိနေပြီး ဟယ်ရီကိန်းနေရာကိုတောင် ခြိမ်းခြောက်လာဖွယ် ရှိနေပါတယ်။ ကဲလ်ဗတ်လီဝင်ဟာ ပြီးခဲ့တဲ့မတ်လကမှ အဲဗာတန်အသင်းနဲ့ (၅)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့တာဖြစ်ပြီး အသင်းမှာ ၂၀၂၅ခုနှစ်အထိ ဆက်လက်ရှိနေတော့မှာဖြစ်တဲ့အပြင် လက်ရှိသူရဲ့ခြေစွမ်းတွေကြောင့် သူရဲ့တန်ကြေးတွေက ပိုပြီးမြင့်တတ်လာဖွယ်သာ ရှိနေရပါတယ်။