အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အသင်းတစ်သင်း ဖြစ်တဲ့ အဲဗာတန် အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလ မှာ တော့တင်ဟန် ဟော့စပါး အသင်း ရဲ့ ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ ဒယ်လီ အလီ ကို အငှားစာချုပ် နဲ့ ခေါ်ယူဖို့ အတွက် ရည်ရွယ်လျက်ရှိတယ်လို့ ဘောလုံး သတင်းဌာန တော်တော်များများရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။ ဒယ်လီ အလီ ဟာ ဒီရာသီမှာ စပါး အသင်းရဲ့ အပယ်ခံ လို ဖြစ်နေခဲ့ပြီးတော့ ပွဲထွက်ကစားခွင့် ကလည်း အနည်းငယ်လောက်သာ ရရှိထားတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ အဲဗာတန် အသင်းနဲ့ ပွဲစဉ်မှာ ပွဲစတင်ကတည်းက ပါဝင် ကစားခွင့် ရခဲ့ပေမယ့်လည်း အဲ့ဒီနောက်ပိုင်းမှာတော့ ရံဖန်ရံခါမှသာ လူစားလဲ ဝင်ရောက် ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Daily Mail

နည်းပြဟောင်းဖြစ်သူ ပိုချက်တီနို ထွက်ခွာသွားအပြီး စပါး အသင်းကို ဟိုဆေး မော်ရင်ဟို ရောက်လာတဲ့ အချိန်က စတင်ပြီးတော့ ဒယ်လီ အလီ ဟာ မော်ရင်ဟို ရဲ့ မျက်နှာသာ ပေးခြင်းကို မခံခဲ့ရပါဘူး။ စပါး အသင်း အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ထိပ်ဆုံးမှာ ရောက်ရှိနေခဲ့ပေမယ့်လည်း နည်းပြ မော်ရင်ဟို ကတော့ ဒယ်လီ အလီ မပါဝင်တဲ့ ကစားသမား ၁၁ ယောက် စာရင်းကို အသုံးပြုရတာ ပိုပြီး သဘောကျနေပုံတော့ ရပါတယ်။ ဒယ်လီ အလီ အနေနဲ့ ပရီးမီယားလိဂ်မှာ ပွဲထွက်ကစားခွင့် မရရုံသာမက ယူရိုပါလိဂ်မှာလည်း လေးပွဲသာ ပါဝင်ကစားခွင့် ရရှိထားတာ ဖြစ်ပါတယ်။ အဆိုပါ အခြေအနေတွေကြောင့် ဒယ်လီ အလီ အနေနဲ့ အသင်းကနေ ထွက်ခွာလိုနေပြီးတော့ စပါး အသင်းဘက် က‌နေလည်း အလီ ကို လက်လွှတ်ဖို့ အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောဆိုထားတာ‌တွေ ရှိပါတယ်။

Photo Credit: Daily Mail

အဲဗာတန် အသင်းရဲ့ နည်းပြ ဖြစ်သူ ကာလို အန်ဆလော့တီက အခုလို ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ဒယ်လီ အလီ ကို နောက်လမှာ အငှားနဲ့ ခေါ်ယူနိုင်ဖို့ အတွက် စိတ်အားထက်သန်နေတယ်လို့ သိရှိရပါတယ်။ အီတလီလူမျိုးနည်းပြ ဖြစ်သူ ကာလို အန်ဆလော့တီ အနေနဲ့ ဒယ်လီ အလီ ဒါမှမဟုတ် ဟယ်ရီဝင့် ကို ခေါ်ယူချင်နေတယ်လို့ Mirror သတင်းစာဌာန ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ စပါး အသင်း ရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ အလီ နဲ့ ဟယ်ရီ ဝင့် နှစ်ဦးစလုံးဟာ ခြေစွမ်းပြဖို့ အခွင့်အရေးတွေ သိပ်မရတာ ကြောင့် နောက်နှစ် နွေရာသီမှာ နည်းပြ ဆောက်ဂိတ် ရဲ့ အင်္ဂလန် အသင်း လူစာရင်းမှာ နေရာမရမှာကို စိုးရိမ်နေကြတဲ့ ကစားသမား နှစ်ဦး ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပီအက်စ်ဂျီ အသင်းဟာ အလီ ကို ခေါ်ယူဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ဖူးတာကြောင့် အဲဗာတန် အသင်းအနေနဲ့ကတော့ အနည်းငယ် ခက်ခဲတဲ့ အခြေအနေ တစ်ခုရဲ့ ရင်ဆိုင်သွားရဖို့ ရှိနေပြန်ပါတယ်။ ဒယ်လီ အလီ တစ်ယောက် ဘယ်အသင်းကို ရောက်ရှိသွားမလဲ ဆိုတာကိုတော့ နောက်လမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။