အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည် အသင်းတွေထဲက တသင်း ဖြစ်တဲ့ အဲဗာတန်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ဆိုသလို ကြုံတွေ့နေတာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ပြီး အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဒါဘီနည်းပြ ဝိန်းရွန်းနီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ အဲဗာတန်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်တွေ အတော်လေးကို ဆိုးဝါးနေပြီး ၁၆ပွဲ ကစားပြီးချိန်မှာ ၅ပွဲနိုင် ၃ပွဲသရေ ၈ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၁၄နေရာ အထိ ရောက်ရှိနေကာ တန်းဆင်းဇုန်နဲ့ ၇မှတ်သာ ကွာဟပါတော့တယ်။

Photo Credit: Express

ဒါကြောင့်ပဲ အဲဗာတန်အသင်းရဲ့ ပရိသတ်တွေက နောက်ဆုံး ကစားခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ် ၃-၁ အဲဗာတန် ပွဲစဉ်အပြီးမှာပဲ အသင်းရဲ့ နည်းပြဖြစ်သူ ဘင်နီတက်ဇ်ကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆို ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး ဘင်နီတက်ဇ်ကလည်း ပရိသတ်တွေရဲ့ စကားတွေကို စိတ်မဝင်စားကြောင်း တုန့်ပြန်ခဲ့တာကြောင့် ဘင်နီတက်ဇ်နဲ့ အဲဗာတန် ပရိသတ်တွေရဲ့ ကြားက မီးပွားဟာ ပိုမို ကြီးမားလာနေပါတယ်။

လက်ရှိမှာတော့ အဲဗာတန်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ဘင်နီတက်ဇ်ကို ထုတ်ပယ်ဖို့ စတင် ဆွေးနွေးနေကြပြီး ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာသာ ဂိုးပြတ် ရှုံးပွဲတပွဲနဲ့ ကြုံတွေ့ရပါက ဘင်နီတက်ဇ်ကို ကျိန်းသေပေါက် ရာထူးကနေ ထုတ်ပယ်နိုင်ပါတယ်။

Photo Credit: Express

 

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဗာတန်အသင်းရဲ့ ဘုတ်အဖွဲ့ဝင် တချို့ဟာ ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ပြီးပါက ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဟောင်း ဖြစ်သူ ဝိန်းရွန်းနီကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေကြပြီး ဝိန်းရွန်းနီကလည်း အဲဗာတန်အသင်းရဲ့ နည်းပြအဖြစ် လုပ်ကိုင်ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဝိန်းရွန်းနီဟာ လက်ရှိမှာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို ကိုင်တွယ်နေသူ ဖြစ်ပြီး ရွန်းနီရဲ့ ဒါဘီအသင်းဟာ ယခုနှစ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၂၂ပွဲ ကစားထားရာ ၅ပွဲနိုင် ၁၀ပွဲသရေ ၇ပွဲရှုံး ရလဒ်ကို ရရှိထားပါတယ်။