အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည်အသင်း တသင်း ဖြစ်တဲ့ အဲဗာတန်အသင်း ကတော့ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် အသင်းရဲ့ နည်းပြ ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ပြီး မကြာသေးမီကမှ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လမ်းခွဲထားတဲ့ နော်ဝေလူမျိုး နည်းပြ ဆိုးလ်ရှားကို ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ ဆက်သွယ်နေကြောင်း သိရပါတယ်။

အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်နိုင်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေပြီး အမှတ်ပေးဇယားရဲ့ အဆင့်၁၆နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Metro

ဒါ့အပြင် အသင်းရဲ့ လက်ရှိနည်းပြ ဘင်နီတက်ဇ်နဲ့ အဲဗာတန်အသင်းရဲ့ အမာခံ ပရိသတ်တွေ ကြားထဲမှာ စကားနာထိုးမှုတွေ ရှိနေတာကြောင့် အဲဗာတန်အသင်းရဲ့ ဘုတ်အဖွဲ့က ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေပြီး ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချယ်လ်ဆီးနဲ့ အဲဗာတန်တို့ရဲ့ ပွဲစဉ်ဟာ ဘင်နီတက်ဇ်ရဲ့ အဲဗာတန် နည်းပြဘဝ နောက်ဆုံးပွဲစဉ် ဖြစ်လာနိုင်ပါတယ်။

နာမည်ကျော် သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဗာတန်အသင်းရဲ့ တာဝန်ရှိသူ တချို့ဟာ မကြာသေးမီကမှ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လမ်းခွဲထားတဲ့ အိုလေဂန်နာ ဆိုးလ်ရှားကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေပြီး ဆိုးလ်ရှားကို ရာသီကုန်အထိ ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

Photo Credit: Metro

နော်ဝေလူမျိုး နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားဟာ ယခုနှစ်‌ ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခြင်း မရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လမ်းခွဲခဲ့ရပေမယ့် သူ့ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အတော်လေး တိုးတက်ခဲ့တာကြောင့် အဲဗာတန်အသင်းက ဆိုးလ်ရှားကို နည်းပြသစ် အဖြစ် ခန့်ချင်နေတာလည်း ဖြစ်ပါတယ်။