အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည်အသင်း တသင်း ဖြစ်တဲ့ အဲဗာတန်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ မျှော်မှန်းထားတဲ့ ရလဒ်တွေ မရခဲ့သလို ရှုံးပွဲတွေနဲ့ ဆက်တိုက် ကြုံတွေ့နေရတာကြောင့် ရိုးမားအသင်းရဲ့ နည်းပြ ဂျိုဆေး မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်လာကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အဲဗာတန်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ဥရောပဝင်ခွင့် တနေရာစာ ရရှိနိုင်ဖို့ အတွက် ရည်မှန်းထားတဲ့ အသင်းတသင်း ဖြစ်ပြီး ပရီးမီးယားလိဂ် ဝါရင့် နည်းပြကြီး ဘင်နီတက်ဇ်ကြောင့် အသင်းက အောင်မြင်မှုတွေ ရမယ်လို့ ထင်မှတ်ထားပေမယ့် လက်တွေ့မှာတော့ ရလဒ်ဆိုးတွေနဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။

Photo Credit: Football Italia

အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၄ပွဲ ကစားထားရာ ၄ပွဲသာ အနိုင်ရခဲ့ပြီး ၃ပွဲသရေ ၇ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးကြောင့် ရမှတ် ၁၅မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်၁၆နေရာ အထိ ရောက်ရှိနေခဲ့ကာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်လည်း အဲဗာတန်အသင်းရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ နည်းပြဖြစ်သူ ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ပြီး ပရီးမီးယားလိဂ် ဆုဖလားကို ၃ကြိမ် အထိ ရယူနိုင်ခဲ့ဖူးတဲ့ စီးရီးအေကလပ် ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်လာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနက ဖော်ပြလာပါတယ်။

Photo Credit: Football Italia

အသက် ၅၈နှစ် အရွယ် ပေါ်တူဂီလူမျိုး ထိပ်တန်းနည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟိုဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ရိုးမားအသင်းကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ရိုးမားအသင်းဟာ စီးရီးအေရဲ့ အဆင့်၇နေရာမှာ ရပ်တည်နေသလို ဥရောပဝင်ခွင့်ကိုလည်း ခြိမ်းခြောက်နိုင်စွမ်း ရှိနေပါတယ်။

လက်ရှိမှာတော့ အဲဗာတန်အသင်းဟာ ဘင်နီတက်ဇ်ကို ထုတ်ပယ်ပြီးပါက မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စီစဉ်နေပေမယ့် မော်ရင်ဟိုကတော့ ရိုးမားအသင်းမှာ ပျော်ရွှင်နေပြီး အဲဗာတန်အသင်းက မော်ရင်ဟိုကို ခေါ်ယူချင်ပါက ရိုးမားအသင်းနဲ့ ဦးစွာ သဘောတူညီမှု ရရှိအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။