အဲဗာတန်အသင်းရဲ့ နည်းပြကြီး ကားလို့အန်စလော့တီက သူနဲ့အတူ ရီးယဲလ်မက်ဒရစ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ သူရဲ့အဲဗာတန်အသင်းဆီ အရောက်ခေါ်ယူချင်နေခြင်းကို အသင်းတာဝန်ရှိသူတွေဆီ တောင်းဆိုထားခဲ့တယ်လို့ စပိန်နာမည်ကျော် ဘောလုံးဂျာနယ်လစ်တစ်ဦးကနေ ထုတ်ဖော်လာခဲ့ပါတယ်။

Photo Credit : Getty Images

အီတလီလူမျိုး နာမည်ကျော်ဘောလုံးနည်းပြ အန်စလော့တီနဲ့ ဝေးလ်စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်တို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်ကတည်းက ရီးယဲလ်မက်ဒရစ်အသင်းမှာ စတင်ဆုံစည်းခဲ့ရတာဖြစ်ပြီး ဘေးလ်ကို အန်စလော့တီကိုယ်တိုင် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အခုလည်း အန်စလော့တီဟာ သူရဲ့အဲဗာတန်အသင်းအတွက် ဘေးလ်ကို ခေါ်ယူအားဖြည့်ချင်နေတာကြောင့် အဲဗာတန်အသင်း တာဝန်ရှိသူတွေကို တောင်းဆိုထားတယ်လို့ စပိန်ဂျာနယ်လစ် အက်ဒွါဒိုအင်ဒါက ပြန်လည်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Getty Images

အင်ဒါက “အန်စလော့တီက ဘေးလ်ကို အသင်းအတွက် ခေါ်ယူပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။ ဘေးလ်ဆိုတာကလည်း သူအရမ်းသဘောကျခဲ့ရတဲ့ ကစားသမားတစ်ယောက်။ သူနဲ့လည်း ရီးယဲလ်မက်ဒရစ်မှာ တွဲဖက်ခဲ့ဖူးသူ။ ဒါကြောင့် သူရဲ့အဲဗာတန်အသင်းဆီကို အရခေါ်ယူချင်နေတာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဘေးလ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ ရီးယဲလ်မက်ဒရစ်အသင်းကနေ သူရဲ့အသင်းဟောင်း စပါးအသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပေမယ့် ဒီရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၉)ဂိုးအထိ သွင်းယူထားကာ အထိုက်အလျောက် ခြေစွမ်းပြထားခဲ့တာကြောင့် စပါးဘက်ကနေ အပြီးသတ်ခေါ်ယူဖို့အထိ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ဘေးလ်ရဲ့ ပြောင်းရွှေ့ကြေးကြောင့် အပြီးသတ်ခေါ်ယူဖို့ ခက်ခဲမယ်ဆိုရင်လည်း နောက်ထပ်တစ်ရာသီခန့် အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပေမယ့်လည်း လက်ရှိမှာ ဘေးလ်ကို အဲဗာတန်အသင်းဘက်ကနေပါ ပစ်မှတ်ထားလာခဲ့တာကြောင့် စပါးအနေနဲ့ ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ် ရှိနေပါတယ်။