လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားမှာ အဆင့်(၁၉) တန်းဆင်းဇုန်နေရာအထိ ရောက်ရှိနေရတဲ့ အဲဗာတန်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်တင်းဖို့အတွက် မန်ချက်စတာယူနိုက်တက်က အီလန်ဂါ လိုင်ယွန်က မူဆာဒမ်ဘီလီနဲ့ အတ္တလန်တာက ဇာပါတာ တိုက်စစ်ကစားသမား(၃)ဦးကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

အဲဗာတန်အသင်းဟာ အခု နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို စပါးအသင်းဆီ ရောင်းထုတ်ခဲ့ပြီးနောက် ဘရိုက်တန် တိုက်စစ်မှူး နေးလ်မူပေးကို ပြန်ခေါ်ယူထားခဲ့ပေမဲ့ အသင်းရဲ့ တိုက်စစ်က ပရီးမီးယားလိဂ် (၁၉)ပွဲထဲ (၁၅)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ အသင်းက တန်းဆင်းဇုန်ထဲ ရောက်ရှိနေရပြီး အောက်တိုဘာလနောက်ပိုင်းကတည်းက နိုင်ပွဲလည်း ပျောက်ဆုံးနေတာဖြစ်လို့ အခု ဈေးကွက်ထဲမှာ အထူးသဖြင့် တိုက်စစ်ပိုင်း အားဖြည့်မှုတွေကို လုပ်ဆောင်သွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

အဲဗာတန်အသင်း ပစ်မှတ်ထားနေတဲ့ ကစားသမားထဲမှာတော့ ယူနိုက်တက်ဒ်ရဲ့ လူငယ်ကစားသမား အီလန်ဂါ လိုင်ယွန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မဲ့ ဒမ်ဘီလီအပြင် အတ္တလန်တာရဲ့ ကိုလံဘီယာ တိုက်စစ်မှူး ဇာပါတာတို့ ပါဝင်လာခဲ့ပါတယ်။ ယူနိုက်တက်ဒ်အသင်းရဲ့ ဆွီဒင်ကစားသမား အီလန်ဂါက အသင်းမှာ ပုံမှန်နေရာ ပျောက်ဆုံးနေရသူဖြစ်လို့ အခုဈေးကွက်ထဲမှာ ယူနိုက်တက်ဒ်ကနေ သေချာပေါက် ထွက်ခွာသွားနိုင်ပြီး သူ့ကို ဒေါ့မွန်ကလည်း စိတ်ဝင်စားနေတယ် ဆိုပေမဲ့ ယူနိုက်တက်ဒ်နဲ့ အဲဗာတန်တို့ကြားမှာ ကစားသမား အပြောင်းအရွေ့တွေ မကြာခဏ လုပ်ဆောင်ထားဖူးတာကြောင့် အနည်းဆုံး အီလန်ဂါကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူနိုင်ဖွယ်လည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီမှာလည်း အခုနှစ်နွေမှာ လိုင်ယွန်နဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ လိုင်ယွန်အနေနဲ့ သူတို့ကစားသမားကို ပြောင်းရွေ့ကြေးမရပဲ လက်လွတ်ရတာထက် အခုဈေးကွက်ထဲမှာ cut-price နဲ့ ရောင်းချဖွယ်လည်း ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ဒီရာသီ စီးရီးအေမှာ ဂိုးတစ်ဂိုးသာ သွင်းယူထားပြီး ရုန်းကန်နေရတဲ့ အသက်(၃၁)နှစ်အရွယ် တိုက်စစ်မှူး ဇာပါတာကိုလည်း အဲဗာတန်ဘက်က စိတ်ဝင်စားနေပြီး ဒီ(၃)ဦးထဲမှာတော့ အီလန်ဂါ ဒါမှမဟုတ် ဒမ်ဘီလီ တစ်ဦးဦးကို အဲဗာတန် အရ ခေါ်ယူနိုင်ဖွယ်လည်း ရှိနေပါတယ်။