ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည်အသင်း တသင်း ဖြစ်တဲ့ အဲဗာတန်က သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု တရပ်အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် ရထားတဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ဂျိမ်းစ် ဂါနာကို ခေါ်ယူရန် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် လူငယ်ကွင်းလယ်လူ ဂျိမ်းစ်ဂါနာက မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူ့ရဲ့ ဘောလုံးပေးပို့မှု အရည်အသွေးကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် ကွင်းလယ်လူဟောင်း မိုက်ကယ် ကာရစ်နဲ့ ခိုင်းနှိုင်းခံထားရသူပါ။

Photo Credit: Team Talk

ဂျိမ်းစ်ဂါနာက ခြေစွမ်းခြေစ ရှိတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နော်တင်ဟမ် ဖောရက်စ်ဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရာမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး သူ့ရဲ့ အကူအညီတွေကြောင့်ပဲ နော်တင်ဟမ် ဖောရက်စ်အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းပြန်တက်လာနိုင်ခဲ့တာလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။

ဒါကြောင့်ပဲ ဂျိမ်းစ်ဂါနာက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပွဲထွက်ခွင့်တွေ ရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဂါနာရဲ့ ကြံ့ခိုင်မှု အားနည်းချက်နဲ့ လိုအပ်ချက်တွေ ရှိနေသေးတာကို သဘောမကျတာကြောင့် အသင်းကနေ ထွက်ခွာချင်ရင် ထွက်ခွာနိုင်ကြောင်း တရားဝင် အသိပေးခဲ့ပါတယ်။

Photo Credit: Team Talk

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကလပ် အတော်များများက ခြေစွမ်းခြေစ ရှိတဲ့ ဂျိမ်းဂါနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ချက်စတာ ယူနိုက်တက်က ဂါနာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်း ဝန်းကျင် လိုချင်နေသလို ဖြစ်နိုင်ရင် ပြန်လည် ဝယ်ယူခွင့် အချက်အလက်ပါ ထည့်သွင်းလိုနေကြောင်း နီးစပ်သူတွေက ဆိုထားကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဗာတန်က ယနေ့မှာပဲ ဂျိမ်းစ်ဂါနာကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အဲဗာတန်နည်းပြ လမ်းပတ်ဟာ ဂါနာရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ရေး အတွက် တွန်းအားပေးနေကြောင်း သိရှိရပါတယ်။