အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲကြီးမှာ ခြေစွမ်းကောင်းတချို့ ပြသနိုင်ခဲ့ပြီး ဂိုးတွေပါ သွင်းယူနိုင်ခဲ့တဲ့ နယ်သာလန်ကြယ်ပွင့် ညာနောက်ခံကစားသမားလေး ဒမ်ဖရိုင်းစ်ကို အရခေါ်ယူသွားဖို့အတွက် ပစ်မှတ်ထားနေတာဖြစ်ပြီး ကစားသမားရဲ့အေးဂျင့်နဲ့ ကစားသမားရဲ့ ကလပ်အသင်းဖြစ်တဲ့ နယ်သာလန်ကလပ် PSV အသင်း တာဝန်ရှိသူတွေနဲ့ပါ ဆွေးနွေးမှုတွေကို ပြုလုပ်လျက်ရှိနေတယ်လို့ Liverpool Echo ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Youtbue

အသက်(၂၅)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် နောက်ခံအစွန်လူ ဒမ်ဖရိုင်းစ်ဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း သူရဲ့ခံစစ်အရည်အသွေးကောင်းတွေကို ပြသသွားနိုင်ခဲ့သလို အသင်းအတွက်ကိုလည်း ယူရိုသွင်းဂိုး(၂)ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို ခံစစ်ရော တိုက်စစ်အရည်အသွေးပါ ထုတ်ဖော်ပြသနိုင်ခဲ့တဲ့ ဒမ်ဖရိုင်းစ်ကို ဥရောပထိပ်တန်း ကလပ်အသင်းများစွာကနေ အပြိုင်စိတ်ဝင်စားလာကြပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ စိတ်အားထက်သန်နေတဲ့အတွက် အခု နွေစျေးကွက်အတွင်းမှာပဲ အသင်းအပြောင်းအလဲဖြစ်ဖွယ် ရှိနေရတာ ဖြစ်ပါတယ်။

Photo Credit : Sportslens

ဒမ်ဖရိုင်းစ်ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲမှာ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းက ထိပ်ဆုံးကနေ ပါဝင်လျက်ရှိနေပြီး အသင်းရဲ့ ညာခြမ်းခံစစ်နေရာမှာ အသင်းခေါင်းဆောင် ဆီမက်စ်ကိုးမန်းတစ်ဦးတည်းသာ ရှိနေတဲ့အတွက် ညာနောက်ခံလူ ဒမ်ဖရိုင်းစ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်နေတာ ဖြစ်ပါတယ်။ PSV အသင်းနဲ့ ဘောလုံးရာသီ (၃)ခုအထိကို ဖြတ်သန်းခဲ့တဲ့ ဒမ်ဖရိုင်းစ်ဟာ အသင်းအတွက် တစ်ရာသီမှာ ပွဲပေါင်း(၄၀)ကျော်လောက်အထိ ပုံမှန်ပါဝင်ပေးခဲ့သူလည်း ဖြစ်သလို (၃)ရာသီအတွင်းမှာလည်း သွင်းဂိုး(၁၆)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ Transfermaket ဝက်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဒမ်ဖရိုင်းစ်ရဲ့ လက်ရှိတန်ကြေးက ယူရို(၁၆)သန်းသာ ရှိလို့နေပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသေးသလို လတ်တလောမှာလည်း အကောင်းဆုံး Form တစ်ခုကို ရရှိထားသူ ဖြစ်နေတာကြောင့် ဒမ်ဖရိုင်းစ်ကို အဲဗာတန်အသင်းဘက်ကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀)လောက်နဲ့ ကမ်းလှမ်းရနိုင်ပါတယ်။ နည်းပြသစ် ဘင်နီတက်ဇ်နဲ့ လက်တွဲထားတဲ့ အဲဗာတန်အသင်းဟာ ဒီမာရိုင်းဂရေး အန်ဒရူးတောင်ဆန်နဲ့ ဘီဂိုဗစ်တို့လို ကစားသမားတွေကို ခေါ်ယူအားဖြည့်လို့ထားပါတယ်။