MySport Myanmar

ဘာစီလိုနာ တိုက်စစ်မှူးလေး ရိုကေးကို ကမ်းလှမ်းမှု စတင် လုပ်ဆောင်ခဲ့တဲ့ အဲဗာတန်

အဲဗာတန်အသင်းကတော့ ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလ် လူငယ် တိုက်စစ်ကစားသမားလေး ဗစ်တာ ရိုကေးကို ခေါ်ယူဖို့အတွက် စုံစမ်း ဆက်သွယ်ခဲ့ပြီး ရိုကေးအတွက်လည်း ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်း + အပိုဆုကြေး ယူရို (၃)သန်းနဲ့ ကမ်းလှမ်းခဲ့သေးကာ ဒီကမ်းလှမ်းမှုကတော့ ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဗာတန်ဟာ အသင်းရဲ့ တိုက်စစ်ကစားသမား ကဲလ်ဗတ် လီဝင်ကို ဒီနွေဈေးကွက်မှာပဲ လက်လွတ်သွားရဖို့ ရှိနေတာကြောင့် တိုက်စစ်ပိုင်းကို ပြန်လည် အားဖြည့်ဖို့အတွက် ဘာစီလိုနာမှာ နေရာမရ ဖြစ်နေတဲ့ ဗစ်တာ ရိုကေးကို ခေါ်ယူဖို့ မျက်စိကျလာခဲ့ရင်း ဘာစီလိုနာအသင်းဆီကိုပါ ဆက်သွယ်လာခဲ့ပါတယ်။

Photo Credit : Barca Universal

အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် တိုက်စစ်ကစားသမားလေး ရိုကေးဟာ မနှစ်က ဘောလုံးရာသီကမှ ဘရာဇီးလ် ကလပ် Athletico Paranaense အသင်းကနေ ဘာစီလိုနာကို ရောက်လာခဲ့တာဖြစ်ပြီး ရာသီဝက်မှပဲ ဘာစီလိုနာနဲ့ စတင် ပူးပေါင်းခွင့် ရရှိခဲ့ပါတယ်။

ဒါပေမယ့် ရိုကေးဟာ နည်းပြဟောင်း ဇာဗီလက်ထက် အသင်းအတွက် ပွဲကစားခွင့် မယ်မယ်ရရ ရရှိခြင်း မရှိပဲ လာလီဂါ (၁၄)ပွဲသာ ကစားထားရသလို သူရဲ့ အနာဂတ် အခြေအနေကပါ စတင် လှုပ်ခတ်လာခဲ့ရပါတယ်။ အခု အသင်းမှာ နည်းပြအပြောင်းအလဲ ဖြစ်ထားချိန်ထိ ရိုကေးရဲ့ အနာဂတ်က မရေမရာသာ ရှိနေရဆဲ ဖြစ်ပါတယ်။

Photo Credit : Youtube

ဒီလို အခြေအနေမှာ ဆော်ဒီထိပ်သီးကလပ် အယ်လ်ဟီလာအသင်းက ရိုကေးကို ခေါ်ယူဖို့ စတင် ချိတ်ဆက်လာခဲ့ပေမယ့် ကစားသမားဘက်က ဆော်ဒီမှာ ကစားဖို့ လုံးဝ စိတ်ကူးမရှိတာကြောင့် ချက်ချင်း ပယ်ချခဲ့သလို လာဇီယို အပါအဝင် ကလပ်အသင်းတချို့ကပါ ရိုကေးကို စိတ်ဝင်တစားနဲ့ ချဉ်းကပ်မှုတွေ လုပ်ဆောင်လာပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်တဲ့ အဲဗာတန်ပါ ရိုကေးကို အလိုရှိလာခဲ့ပြီး ကနဦး ကမ်းလှမ်းချက်က ပယ်ချခံခဲ့ရပေမယ့် အဲဗာတန်က ဘာစီလိုနာရဲ့ အားကစား ဒါရိုက်တာ ဒေကိုနဲ့ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ ဘာစီလိုနာဘက်ကတော့ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၃၀) (၃၅)သန်း ဝန်းကျင်လောက်အထိ အလိုရှိနေပါတယ်။

Exit mobile version