ဥရောပဝင်ခွင့်အတွက်လည်း မျှော်မှန်းလို့မဖြစ်တော့ပေမယ့် တန်းဆင်းရဖို့ အန္တရာယ်ကနေ လွတ်ကင်းပြီးသားဖြစ်နေတဲ့ အဲဗာတန်အသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ဟာ ဒီနေ့ည (၁၁)နာရီခွဲအချိန်မှာ ပရီးမီးယားလိဂ်(၃၄)အဖြစ် အဲဗာတန်ရဲ့အိမ်ကွင်း ဂွတ်ဒီဆင်ပတ်မှာ ဆုံတွေ့ခဲ့ကြပြီး တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

အိမ်ရှင်အဲဗာတန်အသင်းက ကဲလ်ဗတ်လီဝင် ရစ်ချာလီဆန် အီဝိုဘီ တွမ်ဒေးဗီစ် ဂိုးမက်စ် ဂေါ်ဒွန် ကိုးမန် မီနာ မိုက်ကယ်ကိန်း ဒစ်ဂ်နေးနဲ့ ပစ်ဖိုဒ့်တို့ကို သုံးစွဲလာခဲ့သလို ဆောက်သမ်တန်အသင်းကလည်း ဒန်နီအင့်စ် ချီစ်အဒမ် ရက်ဒ်မွန် ရိုမီအူ ဝက်စ်ပရောက်စ် အမ်းစထရောင်း ဘာထရန် ဘတ်ဒနာရက် စတီဖန်စ် ဝေါ်ကာပီတာစ်နဲ့ မက္ကာသီတို့ကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်းကတည်းက နှစ်သင်းလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး (၂၈)မိနစ်မှာ ကွင်းလယ်လူ ဝက်စ်ပရောက်စ်က သူ့ကြောင့်ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင် ကန်သွင်းရာမှာ အပေါ်ဘားတန်းထိပြီး ဂိုးမဝင်ခဲ့ပဲ (၃၁)မိနစ်အရောက်မှ ဒန်နီအင့်စ်ရဲ့အနီးကပ်ကန်သွင်းတဲ့ သွင်းဂိုးနဲ့ ဆောက်သမ်တန်တို့ အဖွင့်ဂိုးစတင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းပြီးဖို့ (၂)မိနစ်အလိုမှာ ဒစ်ဂ်နေးရဲ့ အကွက်မြင်လှတဲ့ ဖြတ်တင်ဘောကနေတစ်ဆင့် ရစ်ချာလီဆန်က ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ဆောက်သမ်တန်က တိုက်စစ်ကို ပိုမိုလိုက်ပါကစားခဲ့ပေမယ့် နောက်ပိုင်းမှာ အိမ်ရှင်အဲဗာတန်ဘက်ကနေ ပြန်လည်ဖိအားပေးလာခဲ့ပြီး အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သွင်းဂိုးတွေ ဆက်မသွင်းနိုင်တော့ပဲ တစ်ဂိုးစီနဲ့ပဲ သရေပွဲအဖြစ် အဆုံးသတ်သွားခဲ့ရပါတယ်။