ပြီးခဲ့တဲ့နွေစျေးကွက်တုန်းက ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အံ့အားသင့်ဖစွယ် ခေါ်ယူနိုင်ခဲ့တဲ့ အဲဗာတန်အသင်းဟာ လာမယ့်နွေစျေးကွက်အတွင်းမှာလည်း နောက်ထပ်အံ့အားသင့်စရာ အပြောင်းအရွှေ့တစ်ခုအဖြစ် သူတို့အသင်းရဲ့ မာဆေးဆိုက်မြို့ခံအသင်းဖြစ်တဲ့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမားဟောင်း ဖီလစ်ပီကော်တင်ဟိုကို ဘာစီလိုနာအသင်းကနေ ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : FC Barcelona Noticias

အသက်(၂၈)နှစ်အရွှယ်ရှိ ဘရာဖီးလက်ရွေးစင် တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၁၄၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စပိန်မြေမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဆီပါ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ရသလို လက်ရှိမှာလည်း ဒူးဒဏ်ရာပြသာနာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အနားယူနေရတာဖြစ်ပါတယ်။ ကော်တင်ဟိုဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၁၄)ပွဲသာ ပါဝင်ခဲ့ရပြီး သွင်းဂိုး(၃)ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Goal

နာမည်ကျော် ကြယ်ပွင့်ကစားသမားတစ်ယောက် ဖြစ်ခဲ့ဖူးပေမယ့် ဒဏ်ရာပြသာနာတွေကြောင့် ပွဲကစားခွင့်တွေ နည်းပါးလာခဲ့ရတဲ့ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းဆီကို အလွန်မြင့်မားတဲ့ တန်ကြေးတစ်ရပ်နဲ့ ရောက်ရှိလာခဲ့တာဆိုပေမယ့် လက်ရှိမှာတော့ သူရဲ့တန်ကြေးက ယူရိုသန်း(၄၀)ခန့်လောက်သာ ရှိနေတော့တယ်လို့ Transfermarket ကနေ ဖော်ပြထားပါတယ်။ ဒါကြောင့် အဲဗာတန်အသင်းကနေ ဖီလစ်ပီကော်တင်ဟိုအတွက် ပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်းလောက်နဲ့သာ ကမ်းလှမ်းသွားဖို့ စီစဉ်လျက်ရှိနေပြီး အဲဗာတန်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ကြားမှာလည်း ယခင်ကတည်းက အပြောင်းအရွှေ့တွေများစွာ လုပ်ဆောင်ခဲ့ဖူးတာဖြစ်လို့ ဒီတစ်ချိန် အပြောင်းအရွှေ့မှာလည်း အထမြောက်နိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းပါတယ်။ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းအနေနဲ့ လာမယ့်စျေးကွက်အတွင်း ကစားသမားသစ်တွေ ခေါ်ယူနိုင်ရေးအတွက် အသုံးစရိတ် အလုံအလောက် ရှိနေဖို့ ကော်တင်ဟိုအပါအဝင် ကစားသမားတချို့ကို ရောင်းထုတ်ရဖွယ် ရှိနေတယ်ဆိုပေမယ့် ကော်တင်ဟိုအတွက်ကိုတော့ အနည်းဆုံး ပေါင်သန်း(၅၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းလာမှသာ လက်ခံဖွယ်ရှိနေပါတယ်။