အဲဗာတန်အသင်းကတော့ အသင်းလက်မဲ့ ဖြစ်နေတဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ဂျက်ဆီ လင်ဂတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိနေတယ်လို့ talkSPORT သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟောင်း ကွင်းလယ်လူ လင်ဂတ်ဟာ ဒီနွေမှာကတည်းက နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်း လက်ရှိအချိန်ထိ အသင်းလက်မဲ့ ကစားသမားအဖြစ် ရှိနေရပါတယ်။

Photo Credit : TEAMtalk

အသက် (၇)နှစ်သား အရွယ်ကတည်းက မန်ချက်စတာ ယူနိုက်တက်အသင်း အကယ်ဒမီကို ရောက်ရှိနေခဲ့တဲ့ လင်ဂတ်ဟာ ယူနိုက်တက် စီနီယာအသင်းအတွက်ကိုလည်း ပြိုင်ပွဲစုံ (၂၃၂)ပွဲအထိ ကစားပေးနိုင်ခဲ့ပြီး (၃၅)ဂိုး သွင်းယူခဲ့သလို ယူရိုပါလိဂ်ဖလား အက်ဖ်အေဖလား လိဂ်ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လင်ဂတ်ဟာ ယူနိုက်တက်မှာ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ရတာ မဟုတ်ပဲ လက်စတာ ဘာမင်ဂမ် ဘရိုက်တန် ဒါဘီ ဝက်စ်ဟမ်းအသင်းတွေထိ အငှားနဲ့ သွားရောက် ကစားခဲ့ရသလို ၂၀၂၂ခုနှစ်မှာလည်း အသင်းကနေ အလွတ်နဲ့ ထွက်ခွာခဲ့ရပါသေးတယ်။

Photo Credit : Nottingham Forest

အင်္ဂလန် လက်ရွေးစင်အတွက် ပွဲပေါင်း (၃၂)ပွဲအထိတောင် ကစားပေးခဲ့ရတဲ့ လင်ဂတ်ဟာ နော်တင်ဟမ်အသင်းဆီ တစ်ရာသီစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် နော်တင်ဟမ်မှာ ဘာမှ မယ်မယ်ရရ စွမ်းဆောင်နိုင်ခြင်း မရှိလို့ အသင်းဘက်က သူ့ကို စာချုပ်သစ် မကမ်းလှမ်းတော့ပဲ အလွတ်နဲ့သာ ထွက်ခွာခွင့် ပြုလိုက်ပြန်ပါတယ်။

လက်ရှိမှာတော့ free agent player တစ်ဦး ဖြစ်နေရတဲ့ လင်ဂတ်ဟာ စတီဗင် ဂျရတ်ရဲ့ ဆော်ဒီကလပ် အယ်လ်အီတီဖာအသင်းနဲ့ လေ့ကျင့်ခန်းဆင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အသင်းဆီ ပြောင်းရွှေ့ခဲ့ခြင်း မရှိပဲ အသင်းလက်မဲ့သာ ဖြစ်နေသေးရာ အဲဗာတန်က လင်ဂတ်ကို ကာလတို စာချုပ်နဲ့ ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း စူပါလင်ဂတ်ကို ပြန်လည် မြင်တွေ့ရဖွယ်လည်း ရှိနေပါတယ်။