ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းကနေ အဲဗာတန်အသင်းဆီ ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒတ်ချ် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ရဲ့ အသင်းအပေါ် စွမ်းဆောင်နိုင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အဲဗာတန်အသင်းနည်းပြ ဖရန့်လမ်းပတ်က ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit : Sports News

အသက်(၂၄)နှစ်အရွှယ်ရှိ နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ အေဂျက်စ်အသင်းကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့ပြီး နောက်ပိုင်းကတည်းက အသင်းမှာ နေရာရဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရပြီး နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်မှာရော ယာယီနည်းပြ ရန်းနစ်လက်ထက်မှာပါ နေရာမရတဲ့အတွက် ဆောင်းစျေးကွက် နောက်ဆုံးနေ့မှာပဲ အဲဗာတန်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ဗန်ဒယ်ဘိခ်က သူရဲ့အဲဗာတန် ကစားသမားဘဝ ပထမဆုံးပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ပွဲမှာ မိနစ်ပိုင်းလောက်သာ ပါဝင်ခဲ့ရပြီး ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် လိဒ်စ်အသင်းနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာတော့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရတဲ့အပြင် အသင်းရဲ့ ဂိုးပြတ်နိုင်ပွဲအတွက်ကိုပါ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

Photo Credit : Mirror

ဗန်ဒယ်ဘိခ်နဲ့ ပတ်သက်ပြီး အဲဗာတန်နည်းပြ လမ်းပတ်က “ကျွန်တော် အလွန်ကို အထင်ကြီးမိခဲ့ပါတယ်။ သူရဲ့စကားပြောပြီးကတည်းက သူဒီကို ရောက်ရှိလာပြီး သူလေ့ကျင့်တာနဲ့ ကစားတာကို မြင်တွေ့ပြီးကတည်းက သူရဲ့ကြံခိုင်မှု သူရဲ့ ပွဲအပေါ် ပြတ်သားနိုင်မှုက လုံးဝကို အထင်ကြီးလောက်စရာပါ။ ဒါပေမယ့် သူရဲ့ဘောလုံးလေ့ကျင့်နေတာကို ခင်ဗျားစောင့်ကြည့်လိုက်မယ်ဆိုရင် ဒါက ခင်ဗျားအတွက် အံ့အားသင့်စရာ ဖြစ်နေမှာ မဟုတ်ဘူး။ သူ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိနေခဲ့ချိန်ကတည်းက သူဟာ ထိိပ်တန်းအဆင့်ရှိတဲ့ ကစားသမားတစ်ဦးဆိုတာကို ကျွန်တော် ထင်ခဲ့ပါတယ်။ သူ အေဂျက်စ်မှာ ကစားခဲ့စဉ်မှာရော ယူနိုက်တက်ဘက်က ခေါ်ယူလိုက်ချိန်မှာရော ကျွန််တော် သူနဲ့ ရင်ဆိုင်ခဲ့ရသေးတယ်။ ကစားသမားဘဝအတွင်း ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိခဲ့ရတာက တကယ်မလွယ်ကူပါဘူး။ ဒါကို ပြန်လည်တုံ့ပြန်နိုင်ဖို့က နည်းလမ်းအမျိုးမျိုးလည်း ရှိနေပါတယ်။ ဒါ ခက်ခဲတယ်ဆိုတာကို ကျွန်တော် သေချာပြောနိုင်တယ်။ ဒါပေမယ့် သူက သူရဲ့အကြံညဏ်တွေကို ထိန်းသိမ်းထားမယ် ဘာကိုမှ ခေါင်းထဲမထားပဲ ပုံမှန်အတိုင်းသာ ကြိုးစားနေမယ်ဆိုရင် ခက်ခဲနေတာကို ကျော်ဖြတ်နိုင်မယ်။ ဒီလုပ်ရပ်ကြောင့် လူတွေကလည်း လေးစားသမှုတွေ ပြသလာနိုင်မယ်ဆိုတာကို သူထုတ်ဖော်ပြသွားခဲ့တယ်။ အခုကတော့ သူ့အရည်အသွေးတွေကို ပုံမှန်ပြသဖို့ အခွင့်အရေး ရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါက ကျွန်တော်မြင်တွေ့ရဖို့ မျှော်လင့်ထားတဲ့ အရာပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။