အင်္ဂလန် ပရီးမီးယားလိဂ်မှာ လူသိများတဲ့ အသင်းနှစ်သင်း ဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ လိဒ်ယူနိုက်တက် အသင်းတို့ဟာ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ဝါရင့် ဘရာဇီးလ် ဘယ်နောက်ခံလူ မာဆယ်လိုကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။ အသက် ၃၃နှစ် အရွယ် ဘရာဇီးလ် ဘယ်နောက်ခံလူ မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှ စတင်ကာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အရန်ကစားသမား စာရင်းဝင်ခဲ့ပြီး အသင်းရဲ့ ပွဲစဉ် အများစုကို ပါဝင် ကစားပေးရခြင်း မရှိသလို အသင်းကနေ ရောင်းချခံရမယ့် ကစားသမားတွေထဲက တဦးလည်း ဖြစ်ပါတယ်။

Photo Credit: AS English

မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်သလို ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၃၂၉မိနစ်သာ ကစားခဲ့ရကာ သွင်းဂိုး သွင်းယူပေးနိုင်ခြင်း မရှိပဲ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အမာခံ ဘယ်နောက်ခံလူ အဖြစ် ဆယ်စုနှစ် တခုနီးပါး ကစားခဲ့ရသူ ဖြစ်ပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ လျင်မြန်မှုတွေဟာ ကျဆင်းလာတာကြောင့် ယခင်ကလို တိုက်စစ်နဲ့ ခံစစ်ကို အတက်အဆင်း မြန်မြန် မကစားနိုင်တော့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ သူ့ကို အသင်းပြောင်းခွင့် ပေးထားပြီး မာဆယ်လိုကလည်း အသင်းသစ် တသင်းကို ရှာဖွေနေပါတယ်။

Photo Credit: AS English

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြသစ် ဖြစ်သူ အန်ဆလော့တီရဲ့ စီမံကိန်းတွေထဲမှာ မပါဝင်တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းကနေ ကျိန်းသေပေါက် ရောင်းထုတ်ခံရဖို့ ရှိနေကာ လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ အဲဗာတန်အသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ မာဆယ်လိုကို ပြောင်းရွှေ့ကြေး ယူရို ၅သန်း ဝန်းကျင်နဲ့ ရောင်းချချင်နေတာ ဖြစ်ပြီး အဲဗာတန်အသင်းဟာ သူတို့အသင်းရဲ့ အားနည်းနေတဲ့ ဘယ်ခြမ်းခံစစ် အတွက် မာဆယ်လိုကို ခေါ်ယူချင်နေသလို လိဒ်ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဘီယယ်ဆာဟာ ဘီလ်ဘာအိုအသင်းကို ကိုင်တွယ်စဉ်ကတည်းက မာဆယ်လိုရဲ့ ခြေစွမ်းကို သဘောကျသူ ဖြစ်တာကြောင့် မာဆယ်လိုကို ခေါ်ယူဖို့ ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။