အဲဗာတန်အသင်းဟာ အသင်းရဲ့ ကစားသမားအင်အားကို အားကောင်းလာအောင် လုပ်ဆောင်သွားဖို့အတွက် လက်ရှိမှာ အသင်းလက်မဲ့ ကစားသမားတစ်ဦး ဖြစ်လို့နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းသားဟောင်း အဒမ်ယာနူဇိုက်ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး အဲဗာတန်နဲ့အပြိုင် ဝက်စ်ဟမ်းအသင်းကပါ ယာနူဇိုက်ကို ပစ်မှတ်ထားလို့နေပါတယ်။

Everton reportedly want to bring Adnan Januzaj back to the Premier League

Photo Credit : The Sun

အသက်(၂၆)နှစ်အရွှယ်ရှိ ဘယ်လ်ဂျီယံ ကစားသမား ယာနူဇိုက်ဟာ ၂၀၁၁ခုနှစ်ကတည်းက မန်ချက်စတာယူနိုက်တက် လူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်ကို နည်းပြဒေးဗစ်မွိုက်စ် ကိုင်တွယ်ချိန် ၂၀၁၃ခုနှစ်မှာပဲ ယူနိုက်တက်စီနီယာအသင်းအတွက် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အသင်းမှာ အထိုက်အလျောက် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ မန်ယူနိုက်တက်အသင်းဘက်က နည်းပြအပြောင်းအလဲတွေ များစွာဖြစ်ပေါ်ခဲ့တဲ့နောက်မှာ ယာနူဇိုက်အတွက် နေရာမရှိတော့ပဲ ဆန်းဒါလန်း ဒေါ့မွန်အသင်းတွေမှာ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရသလို ၂၀၁၇ခုနှစ်မှာ ဆိုစီဒက်အသင်းဆီကို အပြီးသတ် ထွက်ခွာခဲ့ရပါတယ်။

Photo Credit : Football Espana

လက်ရှိမှာ ဆိုစီဒက်အသင်းနဲ့အတူ ပဉ္စမမြောက် ဘောလုံးရာသီကို ဖြတ်သန်းထားပြီဖြစ်တဲ့ ယာနူဇိုက်ဟာ အသင်းအတွက် ပွဲစဉ်ပေါင်း(၁၆၈)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၂၃)ဂိုး သွင်းယူထားကာ ဒီရာသီမှာလည်း အသင်းကို စပိန်လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာထိ ပို့ဆောင်ထားပြီး ယူရိုပါလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ညာတောင်ပံရော ဘယ်တောင်ပံရော ကွင်းလယ်တိုက်စစ်နေရာမှာပါ ကစားတတ်တဲ့ ယာနူဇိုက်ဟာ ပြီးခဲ့တဲ့ ဇွန်(၃၀)ရက်နေ့မှာပဲ ဆိုစီဒက်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်လို့ လက်ရှိမှာ free agent ကစားသမား ဖြစ်နေတဲ့အတွက် သူ့ကို ကလပ်အသင်းများစွာက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပါတယ်။ ယာနူဇိုက်ကိုယ်တိုင်ကလည်း သူရဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ပါဝင်ခွင့်ရဖို့အတွက် လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ မတိုင်ခင်မှာပဲ အသင်းသစ် တစ်သင်းကို ရွေးချယ်ပြောင်းရွှေ့ချင်နေပါတယ်။ လက်ရှိမှာ စပိန်ကလပ် မာလာဂါအသင်းမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ယာနူဇိုက်ကို အဲဗာတန်အသင်းက ခေါ်ယူသွားချင်နေတယ်လို့ စပိန်နာမည်ကြီး သတင်းစာ AS ကနေ ဖော်ပြလာခဲ့ပြီး အဲဗာတန်နဲ့အပြိုင် ယာနူဇိုက်ရဲ့ စီနီယာ ကစားသမားဘဝကို စတင်ပေးခဲ့တဲ့ နည်းပြကြီး ဒေးဗစ်မွိုက်စ်ကပါ ယာနူဇိုက်ကို သူရဲ့လက်ရှိကလပ် ဝက်စ်ဟမ်းအသင်းဆီ ခေါ်ဆောင်သွားချင်နေပါတယ်။