ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ရာသီဝက်ခန့်ကမှ မန်ချက်စတာယူနိုက်တက်ကနေ ဝက်စ်ဟမ်းအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး မထင်မှတ်လောက်အောင်ကို ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်ဟာ အခုလက်ရှိမှာတော့ ယူနိုက်တက်အသင်းဆီ ပြန်လည်ရောက်ရှိနေပေမယ့် အသင်းမှာ ပါဝင်ကစားရဖို့ မရေရာနေတာကြောင့် သူ့ကို ဝက်စ်ဟမ်းအသင်းအပြင် အဲဗာတန်အသင်းကပါ အပြိုင်စိတ်ဝင်စားလာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန် ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ဟာ ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ဆောင်းရာသီစျေးကွက်အတွင်းမှာ ဝက်စ်ဟမ်းအသင်းဆီကို ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဝက်စ်ဟမ်းမှာ သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြန်လည်ပြသနိုင်ခဲ့သလို အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၉)ဂိုး သွင်းယူထားနိုင်ခဲ့ကာ ဂိုးဖန်တီးမှုကိုလည်း (၄)ကြိမ်ထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာလည်း လင်ဂတ်နဲ့အတူ အသင်းသားတွေရဲ့ အကောင်းဆုံးကြိုးပမ်းခဲ့မှုနဲ့ အဆင့်(၅)နေရာနဲ့ ရာသီသိမ်းခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ကိုပါ ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ဒါကြောင့် အငှားစာချုပ် ပြီးဆုံးသွားပေမယ့် လင်ဂတ်ကို အပြီးသတ် ခေါ်ယူချင်နေတာဖြစ်သလို လက်ရှိမှာလည်း ဝက်စ်ဟမ်နည်းပြ ဒေးဗစ်မွိုက်စ်ရဲ့ အသင်းဟောင်းဖြစ်တဲ့ အဲဗာတန်အသင်းကပါ လင်ဂတ်ကို ခေါ်ယူသွားဖို့ စတင်ပစ်မှတ်ထားလာခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ဒီနှစ်နွေစျေးကွက်ထဲမှာ အသင်းရဲ့ အဓိက ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို လက်လွတ်ရဖွယ် ရှိနေသလို နောက်ထပ် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဆီဂတ်ဒ်ဆန်မှာလည်း ကလေးသူငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အတွက် အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပြန်လည်အင်အား ဖြည့်တင်းဖို့ရာ လင်ဂတ်ကို အလိုရှိနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကတော့ လင်ဂတ်ကို ရာသီကြို ခြေစမ်းပွဲစဉ်တွေအတွင်း ထည့်သွင်းအသုံးပြုလျက် ရှိနေသလို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း လင်ဂတ်က သူရဲ့အစီအစဉ်ထဲမှာ ပါဝင်နေတယ်လို့ ထုတ်ဖော်ပြောဆိုထားပေမယ့် ယူနိုက်တက်မှာ ဆက်ရှိနေမယ်ဆိုရင် ပွဲထွက်ကစားခွင့်က အကန့်အသတ်နဲ့သာ ရရှိနိုင်မှာဖြစ်လို့ အသင်းကနေ ထွက်ခွာသွားဖို့ကိုပဲ ကစားသမားဘက်ကနေ စဉ်းစားလာနိုင်ပါတယ်။ လင်ဂတ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် အသက်လက်တီကိုမက်ဒရစ်လို လာလီဂါကလပ်အသင်းကလည်း စိတ်ဝင်စားလို့နေပါတယ်။