ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည် အသင်းတွေထဲက တသင်း ဖြစ်တဲ့ အဲဗာတန်ကတော့ ချယ်လ်ဆီးရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဘရော်ဂျာကို ခေါ်ယူဖို့ အတွက် လိဂ်ပြိုင်ဘက် ဝက်စ်ဟမ်းနဲ့ အပြိုင် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အယ်ဘေးနီးယား လူငယ်ကြယ်ပွင့် ဘရော်ဂျာက ချယ်လ်ဆီးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆောက်သမ်တန်ဆီ အငှားနဲ့ ထွက်ကစားရင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Liverpool Echo

ဘရော်ဂျာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆောက်သမ်တန် အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ဆယ်ကျော်သက် ကစားသမား တဦး အတွက် အထင်ကြီးစရာ စွမ်းဆောင်ရည်ကောင်း တခု ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်းတွေလို့ ပြောနိုင်တဲ့ ဝက်စ်ဟမ်းနဲ့ အဲဗာတန်တို့က ဘရော်ဂျာကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြတာ ဖြစ်ပြီး လက်ရှိမှာ ဝက်စ်ဟမ်းက ဘရော်ဂျာ အတွက် ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။

Photo Credit: Liverpool Echo

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဗာတန်က ဝက်စ်ဟမ်းရဲ့ ဘရော်ဂျာ အတွက် ကမ်းလှမ်းမှု ဖြစ်တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းတန် ကမ်းလှမ်းမှုထက် ပိုမို များပြားတဲ့ ငွေကြေးပမာဏ တရပ် ပေးချေကာ ဘရော်ဂျာကို ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး အဲဗာတန်နည်းပြ လမ်းပတ်ကြောင့် ဘရော်ဂျာဟာ အဲဗာတန်ဆီ ပြောင်းရွှေ့လာနိုင်ကြောင်း သိရပါတယ်။

ချယ်လ်ဆီးကတော့ သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် ဘရော်ဂျာကို ရောင်းချဖို့ တွန့်ဆုတ်နေပေမယ့် ဘရော်ဂျာက သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် အာမခံချက် ပေးနိုင်တဲ့ အသင်းဆီ ပြောင်းရွှေ့ချင်နေတာကြောင့် ချယ်လ်ဆီးဟာ ဘရော်ဂျာကို မဖြစ်မနေ လက်လွှတ်ရဖွယ် ရှိနေကြောင်းလည်း အသင်းနဲ့ နီးစပ်သူတွေက ဝန်ခံထားကြပါတယ်။