MySport Myanmar

ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ မန်စီးတီးနဲ့ စတင် ဆွေးနွေးနေတဲ့ အဲဗာတန်

မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်ကို ခေါ်ယူဖို့အတွက် အဲဗာတန်အသင်းက မန်စီးတီးနဲ့ စတင် ဆွေးနွေးနေပြီဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ ဒီအင်္ဂလန်တောင်ပံကစားသမားကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ချဉ်းကပ်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့က ရှုပ်ထွေးနိုင်ပြီး အပြောင်းအရွှေ့ဖြစ်မြောက်မယ်လို့ အာမခံချက်မရှိသေးပေမယ့် အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေကတော့ ရှိနေပါတယ်။ အသက်(၂၉)နှစ်အရွယ် ဂရီးလစ်ရှ်ဟာ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်မှာ (၇)ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း အရံခုံမှာသာ ထိုင်ခဲ့ရပါတယ်။ ရာသီအပိတ်ပွဲစဉ်ဖြစ်တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာဆိုရင် ပွဲထွက်လူစာရင်းထဲမှာတောင် ပါဝင်ခဲ့ခြင်းမရှိပါဘူး။

Photo Credit : BBC

စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက ဂရီးလစ်ရှ်ကို ချန်လှပ်ထားခဲ့တာဟာ ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘူးလို့ ပြောကြားခဲ့ဖူးပါတယ်။ “သူ ဒီအသင်းကို ရောက်လာဖို့ ကျွန်တော် တိုက်ပွဲဝင်ခဲ့သလို ဒီရာသီနဲ့ နောက်ရာသီမှာ သူဆက်နေဖို့အတွက်လည်း တိုက်ပွဲဝင်ခဲ့တဲ့သူဟာ ကျွန်တော်ပါပဲ။ ဂျက် ဂရီးလစ်ရှ်ကို ကျွန်တော် လိုချင်ပါတယ်လို့ ပြောခဲ့တဲ့သူကလည်း ကျွန်တော်ပဲ။ နောင်အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကတော့ ဒါရိုက်တာနဲ့ အေးဂျင့်တွေရဲ့ အလုပ်ပါပဲ။”လို့ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။

ဂရီးလစ်ရှ်ဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ပေါင်သန်း(၁၀၀)နဲ့ အက်စတွန် ဗီလာကနေ စီးတီးကို ပြောင်းရွှေ့ခဲ့ပြီး (၆)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်အထိ ကျန်ရှိနေပါသေးတယ်။ စီးတီးမှာ (၃)ရာသီဆက် ပရီးမီးယားလိဂ်ဖလား ရရှိခဲ့သလို ၂၀၂၂-၂၃ ရာသီမှာ ချန်ပီယံလိဂ်ဖလား အပါအဝင် ဖလား(၃)လုံးရခဲ့တဲ့အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

Photo Credit : BBC

ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ ဖီးလ် ဖိုဒန်၊ ဂျယ်ရမီ ဒိုကူ၊ ကီဗင် ဒီဘရိုင်းနဲ့ ဘာနာဒို ဆေးလ်ဗားတို့လို ကစားသမားတွေကြောင့် ဂရီးလစ်ရှ်ရဲ့ ကစားချိန်တွေ လျော့နည်းလာခဲ့ပါတယ်။ ၂၀၂၃-၂၄ ရာသီမှာ ပရီးမီးယားလိဂ် ပွဲ(၂၀)သာ ကစားခဲ့ရပြီး (၁၀)ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ၂၀၂၄-၂၅ ရာသီမှာလည်း ပရီးမီးယားလိဂ် ပွဲ(၂၀) ကစားခဲ့ပြီး (၁)ဂိုးသွင်း (၁)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရဲ့ ကစားသမားစာရင်းကနေပါ ချန်လှပ်ခံခဲ့ရပြီး လက်ရှိ အင်္ဂလန်နည်းပြသစ်ဖြစ်တဲ့ သောမတ်စ် တူဟယ်လ် လက်ထက်မှာလည်း အသင်းနဲ့ ပြန်လည်ပူးပေါင်းခွင့် မရသေးပါဘူး။

Exit mobile version