ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့်ဂျာမန်ကွင်းလယ်ကစားသမားကြီး ဆာမီခီဒီရာဟာ အသင်းနဲ့ လက်တွဲဖြုတ်တော့မှာဖြစ်ပြီး သူငယ်စဉ်ကတည်းကနေ ခုထိ အားပေးကြည့်ရှုလာခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲက ကလပ်အသင်းတစ်သင်းသင်းဆီ ပြောင်းရွှေ့ကစားချင်နေကာ လတ်တလောမှာလည်း သူ့ကို ကလပ်အသင်းများစွာကနေ ချိတ်ဆက်နေကြပေမယ့် ဒီအသင်းတွေထဲကမှ အဲဗာတန်အသင်းကတော့ အခြေအနေအကောင်းဆုံး ဖြစ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အီတတီအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ CalcioMercato ရဲ့ဖော်ပြချက်တွေအရ အဲဗာတန်အသင်းနည်းပြ ကားလို့စ်အန်စလော့တီက သူရဲ့ကစားသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ ခီဒီရာကို လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ ခေါ်ယူသွားဖွယ် ရှိလာနိုင်ပြီး ဂျုဗင်တပ်စ်မှာ လုံးဝကို ပွဲထွက်ခွင့်တွေ မရရှိနေတဲ့ ခီဒီရာကလည်း ဒီကမ်းလှမ်းချက်ကို ချက်ချင်းလက်ခံသွားနိုင်တယ်လို့ သိရှိရပါတယ်။ အသက်(၃၃)နှစ်အရွှယ် ကမ္ဘာ့ဖလားချန်ပီယံဟောင်း ခီဒီရာဟာ ပရီးမီးယားလိဂ်မှာ လာရောက်ကစားချင်ကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားခဲ့သလို သူရဲ့အေးဂျင့်ကိုလည်း ပရီးမီးယားလိဂ်အသင်းတွေနဲ့ အပြောင်းအရွှေ့ဖြစ်ဖို့အတွက် မှာကြားထားတယ်လို့ သိရပါတယ်။

Photo Credit : AS English

၂၀၁၄ခုနှစ်က ဂျာမန်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားဆုကြီးကို ပိုင်ဆိုင်ခဲ့ရတဲ့ ခီဒီရာဟာ သူရဲ့ကလပ်အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ခဲ့သေးပြီး ဂျုဗင်တပ်စ်အသင်းဆီကိုတော့ ၂၀၁၅ခုနှစ်ကမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ခီဒီရာဟာ ဂျုဗင်တပ်စ်ကို စတင်ရောက်ရှိချိန်တုန်းက အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ်နဲ့ ပါဝင်ခဲ့ရပေမယ့်လည်း နောက်ပိုင်းနည်းပြအပြောင်းအလဲတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် အထူးသဖြင့် ဂျုဗင်တပ်စ်ကို ဆာရီကိုင်တွယ်ခဲ့ပြီးနောက်ပိုင်းလောက်ကတည်းက အသင်းမှာ ခီဒီရာရဲ့ အခန်းကဏ္ဍာက အရမ်းကို မှေးမှိန်လာခဲ့ရပါတယ်။ ခီဒီရာဟာ နည်းပြပီယာလိုလက်အောက်မှာလည်း အခွင့်အရေးလုံးဝမရရှိသေးပဲ ပွဲကစားခွင့်တွေ ဆုံးရှံးနေရတာကြောင့် အသင်းနဲ့ သက်တမ်းမကုန်ခင် လပိုင်းအလို ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားချင်နေတာဖြစ်ပါတယ်။ ခီဒီရာရဲ့လက်ရှိတန်ကြေးကတော့ ယူရို(၅)သန်းဝန်းကျင်လောက်သာ ရှိလို့နေတော့ပြီး Cut-price ဆိုရင်တော့ ဒီထက်မက တန်ကြေးပိုနည်းဖွယ် ရှိနေပါတယ်။