လာမယ့်ဘောလုံးရာသီသစ်ကို နည်းပြသစ် ရာဖေးလ်ဘင်နီတက်ဇ်နဲ့အတူ ဖြတ်သန်းသွားတော့မယ့် အဲဗာတန်အသင်းဟာ ရာသီသစ် မစတင်ခင်မှာ အသင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် လက်စတာအသင်းရဲ့ တောင်ပံကစားသမားဟောင်း ဒီမာရိုင်းဂရေး လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေရတဲ့ ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမားဟောင်း အန်ဒရူးတောင်ဆန်နဲ့ ချယ်လ်ဆီးဂိုးသမားဟောင်းလည်းဖြစ် လက်ရှိဘုန်းမောက်အသင်းမှာ ပါဝင်နေတဲ့ ဂိုးသမား ဘီဂိုဗစ်တို့ကု ခေါ်ယူသွားဖို့ နီးစပ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အဲဗာတန်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ကစားသမားအင်အား တောင့်တင်းနေစေဖို့အတွက် နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်များစွာကို ခေါ်ယူချင်နေပြီး လတ်တလောမှာလည်း ဂရေး တောင်ဆန်နဲ့ ဘီဂိုဗစ်တို့လို ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမားတွေကို ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေပါတယ်။ အဲဗာတန် အလိုရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ဒီမာရိုင်းဂရေးကတော့ လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်ထားခဲ့ဖူးတဲ့ ဘယ်တောင်ပံ ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ လေဗာကူဆင်အသင်းကို ပြောင်းရွှေ့ထားခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : The Sun

ဒါပေမယ့် ဂျာမန်မြေမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဂရေးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကိုသာ ပြန်လာချင်နေတဲ့အတွက် သူ့ကို အရခေါ်ယူသွားဖို့ အဲဗာတန်အသင်းဘက်ကနေ ကြိုးပမ်းလာခဲ့ပြီး ဆွေးနွေးမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ အဲဗာတန်အသင်းဟာ ဂရေးလို အသက်(၂၅)နှစ်သာ ရှိနေသေးတဲ့ ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အပြင် ပရီးမီးယားလိဂ်မှာ အတွေ့အကြုံကောင်းတွေများစွာ ပိုင်ဆိုင်လို့ထားတဲ့ စပါးကစားသမားဟောင်း တောင်ဆန်ကိုလည်း ပစ်မှတ်ထားနေပါသေးတယ်။ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ တောင်ဆန်ကိုတော့ အဲဗာတန်ဘက်ကနေ ပြောင်းရွှေ့ကြေးမပါပဲ အလွတ်ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလို တောင်ပံကစားသမားတွေအပြင် ဂိုးသမားနေရာအတွက်ကိုပါ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ဘော့စနီယား ဝါရင့်ဂိုးသမားကြီး ဘီဂိုဗစ်ကို ခေါ်ယူသွားဖို့ကလည်း အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပါတယ်။ အဲဗာတန်အသင်းဟာ ဒီကစားသမားတွေအပြင် သူတို့ရဲ့ခါးသီးမြို့ခံအသင်း လီဗာပူးလ်ရဲ့ ကစားသမားဟောင် ဖီလစ်ပီကော်တင်ဟိုကိုလည်း ဘာစီလိုနာအသင်းကနေ ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေပါသေးတယ်။