ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည်အသင်း တသင်း ဖြစ်တဲ့ အဲဗာတန်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒိုင်နမို ကိယက်ဗ်နဲ့ ခြေစမ်းပွဲမှာ စစ်ဘေးသင့် ယူကရိန်းပြည်သူတွေကို တတ်စွမ်းသရွေ့ ကူညီနေတဲ့ အသင်းရဲ့ ပရိသတ် စထာရာတန်ကို ပွဲအတွင်းမှာ ပင်နယ်တီ တလုံး ဝင်ကန်ခိုင်းခဲ့ကြောင်း လေးစားဖွယ် သိရှိရပါတယ်။

အဲဗာတန်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်သူ စထာရာတန်က ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ထောက်ပံ့မှုတွေ လိုအပ်နေတဲ့ ယူကရိန်းပြည်သူတွေ အတွက် ပစ္စည်းတွေကို သူကိုယ်တိုင် ကားမောင်းကာ လိုက်လံ ပို့ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: ESPN

ဒါကြောင့်ပဲ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန် ၃-၀ ဒိုင်နမို ကိယက်ဗ်တို့ရဲ့ ခြေစမ်းပွဲမှာ အဲဗာတန်နဲ့ ဒိုင်နမို ကိယက်ဗ်တို့က စထာရာတန်ရဲ့ လုပ်ရပ်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ စထာရာတန်ကို အဲဗာတန်ဘက်ကနေ လူစားဝင် ကစားခွင့် ပြုခဲ့ပြီး ပင်နယ်တီ တလုံးကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွင်းယူခွင့်ပေးခဲ့ကြပါတယ်။

စထာရာတန်ရဲ့ ပင်နယ်တီ သွင်းဂိုးက ပွဲရဲ့ ရလဒ်ထဲမှာ ထည့်သွင်းခြင်း မခံခဲ့ရပေမယ့် ယူကရိန်း အခြေစိုက် ဒိုင်နမို ကိယက်ဗ်ရဲ့ သူတို့နိုင်ငံ အပေါ် ကျေးဇူးရှိတဲ့ လူတဦးကို တတ်နိုင်တဲ့ဘက်ကနေ ကျေးဇူးပြန်ဆပ်ခဲ့မှု ၊ အဲဗာတန်ရဲ့ အသင်းပရိသတ်တွေ အပေါ် ဂရုစိုက်မှုတို့ကြောင့် လေးစား အားကျဖို့ ကောင်းလွန်းတဲ့ ဖြစ်ရပ်လေးလို့လည်း သတ်မှတ်နိုင်ပါတယ်။

Photo Credit: ESPN

အဆိုပါပွဲစဉ်မှာ စထာရာတန်က အဲဗာတန် ကစားသမား ဒယ်လီ အလီနဲ့ လူစားလဲကာ ကွင်းထဲကို ဝင်ရောက်ခွင့် ရခဲ့တာ ဖြစ်ပြီး သူက ပင်နယ်တီကို အလွယ်တကူပဲ သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သလို ဂိုးသွင်းယူပြီးတဲ့နောက် အဲဗာတန် ကစားသမားတွေနဲ့ ပွေ့ဖက်ကာ အောင်ပွဲခံခဲ့ပါသေးတယ်။

ကဲ ဘောလုံးလောက ဆိုတာ အားကစားပြိုင်ပွဲ တခုထက် ပိုပါတယ်ဗျာ…။