ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည် အသင်းတသင်း ဖြစ်တဲ့ အဲဗာတန်အသင်းဟာ ယမန်နေ့ညမှာ နည်းပြဖြစ်သူ ရာဖေးလ် ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဒါဘီအသင်းကို ကိုင်တွယ်နေတဲ့ ဝိန်းရွန်းနီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အဓိက ပစ်မှတ်ထား ကြိုးစားနေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
အဲဗာတန်အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီကို ရီးရဲလ်မက်ဒရစ် အသင်းဆီ လက်လွှတ်ခဲ့ရတာကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် နည်းပြတဦး ဖြစ်သူ ဘင်နီတက်ဇ်ကို ပရိသတ်တွေရဲ့ ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားကနေ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာပါ။
Photo Credit: Express
ဒါပေမယ့် ဘင်နီတက်ဇ်ရဲ့ လက်အောက်မှာတော့ အဲဗာတန်အသင်းဟာ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေ ရရှိခဲ့ခြင်း မရှိသလို အသင်းတွင်းမှာ စည်းလုံးမှု ပြိုကွဲနေတာကြောင့် အဲဗာတန်အသင်းရဲ့ ဘုတ်အဖွဲ့က ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ခပ်မြန်မြန်ပဲ ဆုံးဖြတ်ခဲ့ပါတယ်။
လက်ရှိမှာတော့ အဲဗာတန်အသင်းဟာ လစ်လပ်နေတဲ့ နည်းပြနေရာ အတွက် နည်းပြကောင်း တဦးကို ရှာဖွေ ခန့်အပ်ဖို့ အပူတပြင်း လုပ်ဆောင်နေပြီး ဒါဘီအသင်းနဲ့ အတူ ရလဒ်ကောင်းတွေ ရရှိနေတဲ့ ဝိန်းရွန်းနီက သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။
Photo Credit: Express
အင်္ဂလန် ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဝိန်းရွန်းနီဟာ ချန်ပီယံရှစ် ကလပ် ဒါဘီအသင်းကို ကိုင်တွယ်နေသူ တဦး ဖြစ်ပြီး ဘဏ္ဍာရေး အကြပ်အတည်း ၊ ရမှတ်လျှော့ ပြစ်ဒဏ်တွေ ရှိနေတဲ့ ကြားကနေ ဒါဘီအသင်းကို တန်းဆင်းဇုန် ကနေ လွတ်မြောက်ခါနီး အနေအထား အထိ ရောက်ရှိအောင် ဦးဆောင်ပေးထားနိုင်သူပါ။
ဒါကြောင့်ပဲ အဲဗာတန်အသင်းက ဝိန်းရွန်းနီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပြီး ဝိန်းရွန်းနီကလည်း အဲဗာတန်အသင်းကသာ သူ့ကို ကာလရှည် စာချုပ်တရပ်နဲ့ ကမ်းလှမ်းခဲ့မယ် ဆိုရင် အဲဗာတန်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနက ဆိုပါတယ်။