မကြာသေးမီကမှ ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းနဲ့ လမ်းခွဲထားတဲ့ ပေါ်တူဂီလူမျိုး နည်းပြဖြစ်သူ နူနိုဆန်းတို့စ်ဟာ နည်းပြသစ် တဦးကို ရှာဖွေနေတဲ့ ဝုဗ်အသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် မာဆေးဆိုဒ် ဒေသခံ အဲဗာတန်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ အလွန်အမင်း နီးစပ်နေကြောင်း သိရှိရပါတယ်။ အသက် ၄၇နှစ် အရွယ် ပေါ်တူဂီလူမျိုး နည်းပြဖြစ်သူ နူနို ဆန်းတို့စ်ဟာ ဝုဗ်အသင်းကို ၄နှစ်ကြာ ကိုင်တွယ်ခဲ့ရာမှာ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ တန်းတက်နိုင်အောင် ၊ အဲ့ဒီနောက် တန်းမဆင်းရရေး အဓိကထား ကြိုးပမ်းတဲ့ အသင်းတသင်းအဆင့် ကနေ ဖျက်မြင်းအသင်း ဖြစ်လာအောင် ဦးဆောင် လမ်းပြပေးခဲ့တဲ့ နည်းပြကောင်း တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Standard

အဲဗာတန်အသင်းဟာ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီကို ရီးရဲလ်မက်ဒရစ် အသင်းဆီ ထွက်ခွာခွင့် ပေးခဲ့ရပြီးနောက် အသင်းကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မယ့်အပြင် ကာလရှည် တာဝန်ယူနိုင်မယ့် နည်းပြကောင်း တဦးကို ရှာဖွေနေတာ ဖြစ်ပြီး ဝုဗ်အသင်းကို အသင်းကောင်း တသင်း ဖြစ်လာအောင် ပြောင်းလဲနိုင်ခဲ့တဲ့ နူနိုဆန်းတို့စ်ရဲ့ အရည်အသွေးဟာ သူတို့အသင်းကို မျက်စိကျစေခဲ့ပါတယ်။ တစ်ဖက်မှာတော့ နူနိုဆန်းတို့စ်ဟာ သူ့ရဲ့ နည်းပြဘဝမှာ ဗလင်စီယာအသင်း ၊ ပေါ်တိုအသင်းနဲ့ ဝုဗ်အသင်းတို့ကို ကိုင်တွယ်ခဲ့သူ ဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ဆုဖလား အောင်မြင်မှုတွေကို ရယူနိုင်ခြင်း မရှိသေးတာကြောင့် သူ့ရဲ့ အသင်းသစ်ကို ရှာဖွေရာမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ချေ ရှိ ၊ မရှိအပေါ် မူတည်ပြီး ရွေးချယ်ဖို့ စဉ်းစားထားပါတယ်။

Photo Credit: Standard

လတ်တလောမှာ နူနိုဆန်းတို့စ်ကို ခေါ်ယူဖို့ ဥရောပ နာမည်ကြီးအသင်း တချို့က စိတ်ဝင်စားနေပေမယ့် အဲဗာတန်အသင်း ကတော့ အခြားအသင်းတွေထက် လက်ဦးမှု ရယူကာ နူနို ဆန်းတို့စ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး သဘောတူညီမှု ရဖို့ အလွန်အမင်း နီးစပ်နေကြောင်း သိရပါတယ်။ နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အဲဗာတန်အသင်းဟာ လက်ရှိမှာ နူနိုဆန်းတို့စ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကာ သူတို့တွေရဲ့ ဆွေးနွေးမှုတွေဟာ အပေါင်းလက္ခဏာ ဆောင်နေပြီး သဘောတူညီမှု ရဖို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုသာ လိုအပ်တော့ကြောင်း ဆိုထားပါတယ်။ ဒါကြောင့်ပဲ လာမယ့်ရက်ပိုင်း အတွင်း နူနို ဆန်းတို့စ်ကို အဲဗာတန်အသင်းရဲ့ နည်းပြသစ်အဖြစ် မြင်တွေ့ရနိုင်ချေ ရှိနေပါတယ်။