ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ လူငယ် ကွင်းလယ်လူ ဘီလီ ဂေးလ်မောက သူ့ကို ချယ်လ်ဆီးရဲ့ လူငယ်အသင်း ကနေ အသင်းကြီးထံ ခေါ်ဆောင်ကာ ပွဲထွက်ခွင့် ပေးခဲ့တဲ့ ချယ်လ်ဆီးနည်းပြဟောင်း ဖရန့် လမ်းပတ် ရှိနေတဲ့ အဲဗာတန်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့နိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် Matt Lawက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် စကော့တလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဘီလီ ဂေးလ်မောက ချယ်လ်ဆီးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး လမ်းပတ်ရဲ့ လက်အောက်မှာ သူ့ရဲ့ စီနီယာ ကစားသမား ဘဝ ပထမဦးဆုံး ပွဲထွက်ခွင့်ကို စတင် ရရှိခဲ့သူပါ။

Photo Credit: Express

ဂေးလ်မောက လမ်းပတ်ရဲ့ လက်အောက်မှာ မကြာခဏ ဆိုသလို ပွဲထွက် ကစားခွင့်တွေ ရခဲ့သလို ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးမှာ လမ်းပတ် မရှိတော့တဲ့နောက် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း နောဝှစ်ချ်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ရပါတယ်။

ဂေးလ်မောဟာ နောဝှစ်ချ်ဆီ တရာသီအငှားနဲ့ သွားရောက် ကစားခဲ့စဉ် အထိုက်အလျောက် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးနည်းပြ တူဟယ်လ်က သူ့ရဲ့ ခြေစွမ်းတွေကို မယုံကြည်သေးတာကြောင့် နောက်ထပ် တရာသီ ထပ်မံ အငှားချဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဗာတန်ကို ကိုင်တွယ်နေတဲ့ ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်ကလည်း သူ့ရဲ့ တပည့်ဟောင်း ဂေးလ်မောနဲ့ ပြန်လည် လက်တွဲဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ လမ်းပတ်ရဲ့ အဲဗာတန် အပါအဝင် ပရီးမီးယားလိဂ် ကလပ်တချို့နဲ့ ချန်ပီယံရှစ် ကလပ်တွေက ဂေးလ်မောကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီး ဂေးလ်မောဟာ တခြားအသင်းတွေထက် သူ့ရဲ့ ဆရာဟောင်း လမ်းပတ် ရှိနေတဲ့ အဲဗာတန်ဆီသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်သူတွေက ပြောကြားထားကြပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ Matt Lawကလည်း ဂေးလ်မောဟာ အဲဗာတန်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း အတည်ပြုပေးထားပြီး ဂေးလ်မော တယောက် အဲဗာတန်ဆီ ရောက်ရှိနိုင်ချေဟာ ၉၉ ရာခိုင်နှုန်း အထိ ရှိနေကြောင်း ဆိုပါတယ်။