မကြာသေးခင်ကမှ အသင်းနည်းပြ ဇီဒန်းနဲ့ လက်တွဲဖြုတ်ထားခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ လက်ရှိမှာတော့ နည်းပြတစ်ဦးကို ရှာဖွေလျက်ရှိနေပြီး အန်တိုနီယိုကွန်တီ မာရီစီယိုပိုချက်တီနိုတို့လို နာမည်ကျော်နည်းပြတွေနဲ့ သတင်းတွေ ထွက်ပေါ်နေသလို အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ရာအူးဂွန်ဇာလက်ဇ်နဲ့လည်း သတင်းထွက်လို့နေပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ ရီးယဲလ်အသင်းဟာ သူတို့အသင်းရဲ့ နည်းပြဟောင်းဖြစ်ခဲ့ဖူးတဲ့ ဝါရင့်နည်းပြကြီး ကားလို့အန်စလော့တီနဲ့ပါ ကောလဟာလတွေ အတော်လေးကို ထွက်ပေါ်လို့နေရပါတယ်။

Photo Credit : Daily Star

အီတလီလူမျိုး နာမည်ကျော် နည်းပြကြီး အန်စလော့တီဟာ စီးရီးအေ ထိပ်တန်းကလပ်အသင်းတွေများစွာကို ကိုင်တွယ်ခဲ့ဖူးသလို ရီးယဲလ်မက်ဒရစ်အသင်းကိုလည်း ၂၀၁၃ခုနှစ်ကနေ ၂၀၁၅ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးတဲ့အပြင် ဇီဒန်းကိုလည်း သူရဲ့လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခဲ့ပါသေးတယ်။ အန်စလော့တီဟာ သူရဲ့ ရီးယဲလ်နည်းပြဘဝ ပထမဆုံးရာသီမှာပဲ အသင်းအတွက် ချန်ပီယံလိဂ်နဲ့ လာလီဂါဆုဖလားတို့ကို အရယူဆောင်ပေးနိုင်ခဲ့ပေမယ့် ဒုတိယရာသီမှာတာ့ အသင်းအတွင်း ဒဏ်ရာပြသာနာများစွာရဲ့ ဒုက္ခပေးမှုကြောင့် အန်စလော့တီလည်း ရီးယဲလ်မှာ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit : Daily Star

ဒါပေမယ့် လက်ရှိမှာတော့ ရီးယဲလ်အသင်းဟာ သူတို့ရဲ့နည်းပြဟောင်းကြီး အန်စလော့တီကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ချင်နေသလို အန်စလော့တီကလည်း သူကျင်လည်ခဲ့ဖူးတဲ့ မက်ဒရစ်မြို့ဆီကို ပြန်လည်သွားရောက်ချင်နေတယ်လို့ စပိန်နိုင်ငံရဲ့ နာမည်ကြီးသတင်းစာ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။ အန်စလော့တီဟာ ရီးယဲလ်ကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်းမှာ ဘိုင်ယန်မြူးနစ် နာပိုလီနဲ့ အဲဗာတန်အသင်းတွေမှာ နည်းပြအဖြစ် ဆောင်ရွှက်ခဲ့ပေမယ့် လက်ရှိမှာ သူရဲ့အသင်းဟောင်းက သူ့ကို ပြန်လည်အလိုရှိနေချိန်မှာ အဲဗာတန်ကို ကျော့ခိုင်းဖို့ပါ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ နည်းပြတွေထဲကမှ ပိုချက်တီနိုက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို ပီအက်စ်ဂျီဘက်ကနေလည်း ပိုချက်တီနို ထွက်ခွာခွင့်ပြုမှာမဟုတ်ပဲ အသင်းမှာသာ ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာနည်းပြဟောင်း ကွန်တီမှာလည်း ခန့်အပ်ဖို့က အနည်းငယ် ရှပ်ထွေးမှုတွေ ရှိနေရသလို ကစားသမားဟောင်း ရာအူးကလည်း နည်းပြအတွေ့အကြုံက အရမ်းနုနေသေးတာကြောင့် ယခင်ကတည်းက အသင်းရဲ့နည်းပြဟောင်း ဖြစ်ခဲ့ဖူးတဲ့ အန်စလော့တီကိုသာ ပြန်လည်အလိုရှိလာခဲ့ရတာဖြစ်ပါတယ်။