MySport Myanmar

ဒန်ဂျူးမားကို ခေါ်ယူသွားနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်လာခဲ့တဲ့ အဲဗာတန်

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၁၉)ထိကို ရောက်ရှိနေရတဲ့ အဲဗာတန်အသင်းဟာ တန်းဆင်းဇုန်ကနေ အလွတ် ရုန်းထွက်ရဖို့အတွက် အခု ဈေးကွက်အတွင်းမှာ ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး အခုလည်း ဗီလာရီးယဲလ် တောင်ပံကစားသမား ဒန်ဂျူးမားကို ခေါ်ယူသွားနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။

Photo Credit : Grand Old Team

နယ်သာလန် ကစားသမား ဒန်ဂျူးမားဟာ ဘုန်းမောက်ကနေ ဗီလာရီးယဲလ်အသင်းဆီ စတင် ရောက်ရှိခါစတုန်းက အသင်းမှာ အတော်လေးကို ခြေစွမ်းပြသနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ (၆)ဂိုးအထိ သွင်းယူထားနိုင်သလို အသင်းကိုပါ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီနှောင်းပိုင်းမှာပဲ ကြွက်သားဒဏ်ရာ ရရှိခဲ့မှုကြောင့် ဒန်ဂျူးမားဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာ ဗီလာရီးယဲလ်အတွက် ပွဲကစားခွင့် အကန့်အသတ်တွေနဲ့ ဖြစ်လာခဲ့ရပြီး ဒီရာသီအတွင်း လာလီဂါပွဲစဉ်မှာလည်း (၄)ပွဲသာ ပွဲထွက်ကစားထားခဲ့ရပါတယ်။

Photo Credit : The Telegraph

အသက်(၂၅)နှစ်အရွယ်ရှိ နယ်သာလန် တောင်ပံကစားသမား ဒန်ဂျူးမားဟာ နယ်သာလန်ကလပ် NEC အသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် ဘယ်လ်ဂျီယံ ထိပ်သီးကလပ် ကလပ်ဘရုဂေးအသင်းဆီ ပြောင်းရွေ့ခဲ့သလို ဘရုဂေးမှာ တစ်ရာသီ ကစားအပြီးမှာပဲ ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်ဆီ ထပ်မံ ပြောင်းရွေ့ဖြစ်ခဲ့ပြန်ပါတယ်။ ဘုန်းမောက်မှာ ပထမတစ်ရာသီအတွင်း ပွဲကစားခွင့် အနည်းငယ်သာ ရှိခဲ့ရပေမဲ့ ဒုတိယရာသီ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီ တန်းဆင်းခဲ့ရတဲ့ ရာသီမှာတော့ ဘုန်းမောက်အတွက် ပွဲကစားခွင့်တွေ များစွာ ပြန်ရလာခဲ့ပြီး ရာသီအကုန်မှာ ဘုန်းမောက်ရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ ဗီလာရီးယဲလ်ကို ရောက်ရှိလာခဲ့တဲ့ ဒန်ဂျူးမားဟာ လက်ရှိမှာတော့ ဗီလာရီးယဲလ်ကနေ နောက်ထပ် ကလပ်အသင်း တစ်သင်းသင်းဆီ ပြောင်းရွေ့ရတော့မယ့် အခြေအနေမှာ ရှိနေရပြီး လတ်တလောမှာ ဒန်ဂျူးမားကို အေဂျက်စ် PSV တို့က နယ်သာလန်မြေဆီ ပြန်လည် ခေါ်ဆောင်ချင်နေသလို အဲဗာတန်အသင်းကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်ခေါ်ချင်နေကာ ဖာဘရီဇီယိုရဲ့ ဖော်ပြချက်အရဆိုရင်တော့ အဲဗာတန်က ဒန်ဂျူးမားကို ခေါ်ဆောင်နိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေရပါတယ်။

Exit mobile version