အဲဗာတန်အသင်းကတော့ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ခံစစ်ပိုင်းကို အင်အားမြင့်တင်ဖို့အတွက်နဲ့ ဒီနှစ်ရာသီအစတုန်းက မိုနာကိုအသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ နောက်ခံအစွန်လူကြီး ဆီဒီဘီကိုလည်း အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိတာကြောင့် အသင်းရဲ့ညာနောက်ခံနေရာအတွက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တွေ ပျောက်ဆုံးလို့နေတဲ့ ဒီယိုဂိုဒါလော့ကို တစ်ရာသီအငှားနဲ့ ခေါ်ယူသွားဖွယ်ရှိနေပါတယ်။

Photo Credit : Manutd

ဒီနှစ်ဘောလုံးရာသီအစမှာ ယူနိုက်တက်အသင်းဆီကို ခရစ္စတယ်ပဲလေ့စ်အသင်းကနေ အာရွှန်ဝမ်ဘစ်ဆာခါ ရောက်ရှိလာပြီးနောက်ပိုင်း ဒါလော့ရဲ့ ပွဲထွက်ကစားခွင့်တွေ အတော်လေးကို နည်းပါးလို့နေပြီး ဒီရာသီအတွင်း ပြိုင်ပွဲစုံကိုတောင်မှ စုစုပေါင်း(၁၁)ပွဲလေးပဲ ပါဝင်ထားခဲ့ရပါတယ်။ ဒါလော့အနေနဲ့ လက်ရှိအခြေအနေပေါ်မှာ စိတ်ပျက်လျက်ရှိနေပြီး ယူနိုက်တက်ရဲ့ လာမယ့်နွေစျေးကွက်အတွင်း အသင်းကနေ ရှင်းထုတ်ဖွယ်ရှိနေတဲ့ ကစားသမားစာရင်းထဲမှာပါ ဒါလော့ပါဝင်နေတာကြောင့် အဲဗာတန်အသင်းဘက်ကနေ ဒါလော့ကို ချဉ်းကပ်လာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : United in Focus

ယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၆)တုန်းကလည်း ဒဏ်ရာအသီးသီးရနေတဲ့ လုခ်ရှောနဲ့ ဝီလီယံတို့ရဲ့ ဘယ်ခြမ်းခံစစ်နေရာမှာ ဒါလော့ကို မသုံးခဲ့ပဲ အသင်းနဲ့ (၃)နှစ်လောက် ပွဲထွက်ကစားခဲ့ရခြင်းမရှိသေးတဲ့ ဖိုဆူမန်ဆာကို နေရာပေးသွားခဲ့တာကြောင့် ဒါဟာ ဆိုးလ်ရှားအနေနဲ့ ဒါလော့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မီးမောင်းထိုးပြလိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုအခြေအနေတွေ ရှိလာခဲ့တဲ့ ဒါလော့ကို အသင်းပေါင်းများစွာကနေ စောင့်ကြည့်လို့နေပြီး အဲဗာတန်ကတော့ ထိပ်ဆုံးနေရာကနေကို ဦးဆောင်လျက်ရှိပါတယ်။ အသက်(၂၁)နှစ်အရွှယ်ရှိ ပေါ်တူဂီနောက်ခံအစွန်လူ ဒါလော့ဟာ ပေါ်တိုလူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ လူငယ်ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၈ခုနှစ်ကမှ ပေါ်တိုကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မနှစ်က ဘောလုံးရာသီအတွင်း နည်းပြဟောင်းမော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ အချိန်တွေမှာ ဒါလော့ဟာ ပွဲထွက်ကစားခွင့်တွေ အတော်လေး ရရှိခဲ့ပေမယ့် ဆိုးလ်ရှားနဲ့ ယူနိုက်တက်တို့ လက်တွဲချိန်ကနေစပြီး ပွဲကစားခွင့်တွေ နည်းပါးလာခဲ့သလို အသင်းကို ဘစ်ဆာခါရောက်လာချိန်မှာတော့ ဒါလော့ရဲ့အခန်းကဏ္ဍာက လုံးဝကို မှေးမှိန်သွားခဲ့ရပါတယ်။