မနေ့ညက ဂွတ်ဒီဆင်ပတ် မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အဖြစ် ကစားမယ့် အဲဗာတန် အသင်းနဲ့ မန်ချက်စတာ စီးတီး အသင်းတို့ရဲ့ ပွဲစဉ်ကို မန်စီးတီး အသင်းရဲ့ ကစားသမား တော်တော်များများမှာ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပွဲမစတင်မီ လေးနာရီလောက် အလိုကမှ ရွှေ့ဆိုင်းလိုက်ကြောင်း အရေးပေါ် ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း မာဆေးဆိုက် အသင်း ဖြစ်တဲ့ အဲဗာတန် အသင်းဟာ အဆိုပါ အကြောင်းကို နောက်ဆုံးမှ သိခဲ့ရပုံပေါ်ပြီးတော့ နာရီအနည်းငယ် အလိုမှ အသိပေး အကြောင်းကြား ခံခဲ့ရပါတယ်။ ဒါ့အပြင် အဆိုပါ ပွဲစဉ်ကို လာရောက် ကြည့်ရှုမယ့် ပရိသတ် အယောက် ၂၀၀၀ လောက်ကိုလည်း အိမ်ကို ပြန်နေဖို့ ညွှန်ကြားခဲ့ရပါတယ်။

Photo Credit: Express

မန်ချက်စတာစီးတီး အသင်း အနေနဲ့ အသင်းအတွင်း ရောဂါပျံ့နှံ့တာကို လျှင်မြန်စွာ ကာကွယ်ဖို့ အတွက် အင်္ဂါနေ့မှာ တစ်သင်းလုံးကို ပြန်လည်စစ်ဆေးသွားမာ ဖြစ်ပြီးတော့ လေ့ကျင့်ရေး ဆင်းတာကိုလည်း အချိန်အကန့်အသတ် မရှိ ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ မန်စီးတီး အသင်းအနေနဲ့ လွန်ခဲ့တဲ့ သုံးရက်လောက်ကမှ ဂါဘရီရယ် ဂျီးဆပ် နဲ့ ကိုင်လီ ဝေါလ်ကာ တို့နှစ်ဦး ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် သီးသန့်ခွဲနေခိုင်းခဲ့ရပြီး အခုအခါမှာတော့ ရောဂါက အသင်းရဲ့ အခြားသော ကစားသမား အများအပြားကိုပါ ကူးစက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အခြေအနေကြောင့် အရေးပေါ် အစည်းအဝေးခေါ်ပြီးတော့ ပွဲစဉ်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲဗာတန် အသင်းကတော့ အသိနောက်ကျခဲ့ပုံရပါတယ်။

Photo Credit: Express

အဲဗာတန် အသင်းအနေနဲ့ ပရိသတ် အယောက် ၂၀၀၀ စာအတွက် ပြင်ဆင်ထားခဲ့ပြီးတော့ နောက်ဆုံး မိနစ်ရောက်ကာမှ စီစဉ်ထားတာတွေ အကုန် ဖျက်သိမ်းလိုက်ရတဲ့ အတွက် မကျေမနပ် ဖြစ်နေပုံရပြီးတော့ သူတို့ အသင်းရဲ့ တရားဝင် စာမျက်နှာမှာ မန်စီးတီး အသင်းကို အချက်အလက် ပြည့်ပြည့်စုံစုံ ဖော်ပြပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် မစတင်မီ တာဝန်ရှိသူတွေကတော့ အသင်းတစ်သင်းမှာ အနည်းဆုံး ကစားသမား ၁၄ ဦး မကစားနိုင်မှသာ ပွဲရွေ့ဆိုင်းမှုကို လက်ခံမှာ ဖြစ်ကြောင်းပြောဆိုထားခဲ့ပါတယ်။ အဲဗာတန် အသင်းဘက်ကနေ “ အဲဗာတန် အသင်းဘက်ကနေတော့ ပရိသတ်တွေရဲ့ လုံခြုံရေးအတွက် အမြဲတမ်း အပြည့်အဝ ဆောင်ရွက်ပေးထားပါတယ်။ မန်စီးတီး အသင်းအနေနဲ့ သတင်းအချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးစေလိုပါတယ်။ ဒါမှသာ ဆုံးဖြတ်ချက် ဘာလို့ ချလဲဆိုတာ ကွဲကွဲပြားပြား သိရမှာ ဖြစ်ပါတယ် ” လို့ ဖော်ပြထားပါတယ်။ မန်စီးတီး အသင်းဘက် ကတော့ သူတို့အနေနဲ့ အသင်း‌တွင်း ရောဂါပိုး ဆက်လက်မပျံ့နှံ့အောင် ကာကွယ်ဖို့အတွက် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့တာ ဖြစ်တယ်လို့ ပြန်လည် ကြေညာထားပါတယ်။