ရမှတ်လိုအပ်ချက်တွေ ဖိအားတွေ မရှိတော့လို့ နောက်ပိုင်းပွဲစဉ်တွေမှာ အားစိုက်ထုတ်မှုတွေ အာရုံစိုက်မှု နည်းပါးစွာနဲ့ ပြိုင်ပွဲဝင်နေတဲ့ အဲဗာတန်အသင်းဟာ ဒီနေ့ညမှာတော့ တန်းဆင်းဇုန်ထဲကနေ အလွတ်ရုန်းထွက်နေတဲ့ အက်စတွန်ဗီလာအသင်းနဲ့ အိမ်ကွင်းဂွတ်ဒီဆင်ပတ်မှာ ရင်ဆိုင်တွေ့ဆုံခဲ့ပြီး တစ်ဖက်ကို တစ်ဂိုးစီနဲ့ပဲ သရေကျသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်အဲဗာတန်အသင်းကတော့ ၄-၄-၂ ကစားကွက်နဲ့အတူ ရစ်ချာလီဆန် ကဲလ်ဗတ်လီဝင် အီဝိုဘီ တွမ်ဒေးဗီစ် ဂိုးမက်စ် ဘားနတ် ဟိုးဂိတ် မိုက်ကယ်ကိန်း ဒစ်ဂ်နေး ကိုးမန်း ပစ်ဖိုဒ့်တို့ ပါဝင်လာခဲ့ပြီး ဗီလာအသင်းဘက်မှာတော့ ဂရီးလစ် ဆမန်သာ ထရာဇီဂေး ဟူရီဟိမ်း လုဇ် မက်ဂန်း တားဂတ် တိုင်ရုန်းမန်းစ် ကွန်ဆာ အယ်မိုဟာမန်ဒီ ရိန်နာတို့ ပါဝင်လာခဲ့ပါတယ်။ နောက်ပိုင်းပွဲတွေမှာ Form အောက်နေတဲ့အသင်းနဲ့ အဝေးကွင်းမှာဆိုရင် အမြဲလိုလို ရုန်းကန်ရတဲ့ အသင်းတို့ရဲ့ပထမပိုင်း အားပြိုင်မှုမှာ ဧည့်သည်ဗီလာက ဂိုးပေါက်ကန်ချက် ပိုရရှိခဲ့တယ်ဆိုပေမယ့် တစ်သင်းကမှ ဂိုးပေါက်တည့်မတ်နိုင်ခြင်းမရှိသလို အဲဗာတန်ဆိုရင်လည်း (၁၆)မိနစ်မှာပဲ ဟိုးဂိတ်ဒဏ်ရာပြန်ရသွားခဲ့လို့ ဘရန့်ဝေ့နဲ့ပါ လူစားလဲခဲ့ရပါသေးတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းအရောက်မှာလည်း တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နေရတဲ့ ဗီလာရဲ့ရုန်းအားတွေကို မြင်တွေ့ခဲ့ပြီး အကြိမ်ကြိမ်ထိုးဖောက်မှုတွေကနေ (၇၂)မိနစ်မှာတော့ လိုအပ်နေတဲ့ ဦးဆောင်ဂိုးကို စတင်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဟူရီဟိမ်း ကန်တင်ပေးလိုက်တဲ့ ပြစ်ဒဏ်ဘောကနေတစ်ဆင့် နောက်ခံလူကွန်ဆာက သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါသွင်းဂိုးနဲ့ ဗီလာတို့ နိုင်ပွဲရဖို့ နီးစပ်ခဲ့ပေမယ့် ဒုတိယပိုင်းပြီးခါနီးမှာ ဝဲလ်ကော့ရဲ့ခေါင်းတိုက်ချက်က ဂိုးထဲဝင်သွားခဲ့တာကြောင့် သရေပွဲနဲ့ အဆုံးသတ်ခဲ့ရပါတယ်။