ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ဇာဟာကတော့ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ သူ့အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းချက်တွေသာ ရှိလာခဲ့မယ်ဆိုရင် သူအနေနဲ့ အသင်းပြောင်းဖို့ကို စဉ်းစားသွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့တဲ့အတွက် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေအတွက် မီးစိမ်းပြလိုက်သလို ဖြစ်လာခဲ့ရပြီး လက်ရှိမှာတော့ ဇာဟာကို အဲဗာတန်နဲ့ စပါးအသင်းတွေကနေ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေကြပါတယ်။

Photo Credit : The Athletic

အသက်(၂၈)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဇာဟာကို ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေများစွာကနေ စိတ်ဝင်စားခဲ့ပေမယ့် ပဲလေ့စ်အသင်းဘက်ကနေ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားတွေ ရောင်းချသွားဖို့ ဆန္ဒမရှိတာကြောင့် ဇာဟာက ပဲလေ့စ်မှာပဲ သူရဲ့ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းနေရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဇာဟာအနေနဲ့ အသင်းကနေ ထွက်ခွာသွားဖို့ အသင့်ရှိလို့နေပြီး သူ့အတွက် အဆင်ပြေနိုင်မယ့် ကမ်းလှမ်းမှုမျိုး ရရှိလာခဲ့မယ်ဆိုရင် သူ့ဘက်ကနေ လက်ခံသွားမယ်လို့ သိရပါတယ်။

Photo Credit : Afroballers

လက်ရှိအချိန်မှာ ဇာဟာကို ယခင်ကတည်းက စိတ်ဝင်စားနေခဲ့တဲ့ အဲဗာတန်အသင်းနဲ့ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဟာရီကိန်းကို ဆုံးရှုံးရဖွယ် ရှိလို့နေတဲ့ စပါးအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပါတယ်။ အဲဗာတန်အသင်းဟာ ၂၀၁၉ခုနှစ်ကတည်းကနေ ဇာဟာကို ခေါ်ယူသွားဖို့ အနည်းဆုံး (၂)ကြိမ်လောက် ကြိုးပမ်းခဲ့ဖူးသေးပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၇၀)အပြင် ကစားသမား(၂)ယောက်နဲ့ပါ အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့် ဒီကမ်းလှမ်းမှုကို ပဲလေ့စ်ဘက်ကနေ ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်ထိ အဲဗာတန်အသင်းဟာ ဇာဟာကို ခေါ်ယူသွားချင်နေပြီး တန်ကြေးကျဆင်းသွားတဲ့ ဇာဟာအတွက် ပေါင်သန်း(၄၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းမှုတွေကို ပြန်လည်စတင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဇာဟာကို အဲဗာတန်နဲ့အပြိုင် စပါးအသင်းကလည်း စောင့်ကြည့်လျက်ရှိနေပြီး အသင်းရဲ့တိုက်စစ်ပိုင်းက ဟာရီကိန်းနဲ့ ဂါရတ်ဘေးလ်တို့ကိုသာ ဆုံးရှုံးရမယ်ဆိုရင် သူတို့နေရာမှာ အစားထိုးဖို့အတွက် ဇာဟာကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ပဲလေ့စ်ဘက်ကတော့ သူတို့ရဲ့ အဓိက ကစားသမားကို အသင်းမှာပဲ ဆက်ထိန်းထားချင်ပေမယ့် ကစားသမားရဲ့ ဆန္ဒအရ ရောင်းထုတ်ရဖွယ် ရှိနေတာကြောင့် ဇာဟာကို လာမယ့်ရာသီမှာတော့ အသင်းတစ်သင်းသင်းရဲ့ ကစားသမားသစ်အဖြစ် မြင်တွေ့လာရတော့မှာပဲဖြစ်ပါတယ်။