မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းဆီ အငှားနဲ့ သွားရောက် ကစားနေတဲ့ တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်ကို လာလီဂါ စီးရီးအေ ကလပ်အသင်းတွေသာမကပဲ ပရီးမီးယားလိဂ်အသင်းတွေပါ စိတ်ဝင်စားနေကြတယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားပါတယ်။

အသက် (၂၂)နှစ်အရွယ် အင်္ဂလန် တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်ဟာ ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်ကစားသမားဖြစ်ပြီး ယူနိုက်တက် စီနီယာအသင်းအတွက်လည်း (၁၂၉)ပွဲအထိ ပါဝင်ကစားခဲ့ရင်း (၃၅)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Sky News

ဂရင်းဝုဒ်ဟာ အရည်အသွေးမြင့် ကစားသမားကောင်း ဖြစ်သလို ဗန်ပါစီလက်သစ်လို့ပါ တင်စားခေါ်ဆိုခံရသူလည်း ဖြစ်ပေမယ့် အတူနေချစ်သူကို ကိုယ်ထိလက်ရောက်နဲ့ လိင်ပိုင်းဆိုင်ရာတွေ ကျူးလွန်မိခဲ့ရာကနေ သူရဲ့ ယူနိုက်တက် ကစားသမားဘဝလည်း ပျက်ဆီးခဲ့ရပြီး ဂီတာဖေးဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဂရင်းဝုဒ်က ဂီတာဖေးအသင်းမှာ မထင်ထားလောက်အောင် ခြေစွမ်းပြသလို့နေပြီး ဂီတာဖေးအတွက် ပြိုင်ပွဲစုံ (၂၇)ပွဲကစား (၈)ဂိုးသွင်း (၅)ဂိုးဖန်တီးထားနိုင်ခဲ့ကာ ဂီတာဖေးရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Marca

ဒါကြောင့်လည်း လက်ရှိမှာ ဂရင်းဝုဒ်ကို ဘာစီလိုနာ အသက်လက်တီကိုနဲ့ ဂျုဗင်တပ်စ်အသင်းတို့က အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ပြီး ဂရင်းဝုဒ်နဲ့ ယူနိုက်တက်တို့ရဲ့ အခြေအနေတွေကိုလည်း စောင့်ကြည့်လာခဲ့ကြပါတယ်။

အခုတော့ ဒီအသင်းတွေသာမကပဲ ပရီးမီးယားလိဂ်ရဲ့ ကလပ်အသင်းတွေကပါ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပေမယ့် ဂရင်းဝုဒ်အနေနဲ့ကတော့ အင်္ဂလန်မှာ ဘောလုံးသမားဘဝကို ဖြတ်သန်းဖို့က သူ့အတွက် ပိုခက်ခဲနိုင်တာကြောင့် စပိန် ဒါမှမဟုတ် အီတလီက ကလပ်အသင်းတွေဆီကိုသာ ဦးစားပေး ပြောင်းရွှေ့ဖွယ် ရှိနိုင်ပါတယ်။