MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော ညနေခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၇ရက်နေ့ ညနေ၆နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားဟောင်း ဒီမီတာဘာဘာတော့ကတော့ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားကြမယ့် အဲဗာတန်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျသွားလိမ့်မယ်လို့ ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဆိုးလ်ရှားအနေနဲ့ နည်းပြရာထူးကို မြဲနေဖို့အတွက် ဒီပွဲကို မရှုံးအောင် ကစားဖို့ လိုအပ်နေတယ်လို့လည်း ဘာဘာတော့က ပြောဆိုသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်နဲ့ ကွင်းလယ်လူ ကတ်စ်မဲရိုးတို့နှစ်ဦးက အခုအခါမှာ Covid-19 ဗိုင်းရပ်စ်ပိုးကို ကူးစက်ခံနေရတယ်လို့ တရားဝင်ထုတ်ပြန်သွားခဲ့ပြီး ဒီကစားသမားနှစ်ယောက်လုံးဟာ ဗလင်စီယာအသင်းနဲ့ ကစားရမယ့် လာလီဂါပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ကာ မီလီတာအိုလည်း ကူးစက်ခံနေရတယ်လို့ သိရှိရပါတယ်။

အာဆင်နယ်အသင်းဟာ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ခြေစွမ်းကောင်းတွေ အတော်လေးပြသလို့နေတဲ့ ကွင်းလယ်ကစားသမား ဒိုမီနစ်ဆာဘော့ဇ်လိုင်းကို အထူးစိတ်ဝင်စားလျက်ရှိနေကာ သူတို့အသင်း မခေါ်ယူနိုင်ခဲ့တဲ့ လိုင်ယွန်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ဟာဆန်အာဝါအစား ဆာဘော့ဇ်လိုင်းကိုပဲ ခေါ်ယူဖွယ်ရှိနေပါတယ်။

လတ်တလောမှာ ဒဏ်ရာပြသာနာအသီးသီးနဲ့ ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုပါ လွဲချော်ခဲ့ရတဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ နေမာနဲ့ ဘာပေတို့ကို သူတို့ရဲ့နိုင်ငံအသင်းတွေကနေ နိုင်ငံပွဲစဉ်တွေအတွက် ရွေးချယ်ခဲ့ကြတာနဲ့ပတ်သက်ပြီး ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ပီအက်စ်ဂျီနည်းပြတူချယ်လ်က ပြောဆိုလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို ဟန်ချက်ညီအောင် အသင်းအတွက် လိုအပ်တဲ့ ကစားသမားသစ်တချို့ကို ခေါ်ယူနိုင်ဖို့အတွက် လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ ကစားသမား(၅)ယောက်လောက်အထိကို ရောင်းချသွားဖို့ရှိနေပြီး ဒီကစားသမားတွေကတော့ ဒမ်ဘီလီ အမ်တီတီ အယ်လီနာ ဖယ်လ်ပိုနဲ့ ဘရေ့ဝိတ်တို့ ဖြစ်ပါတယ်။