MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော ညနေခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၅ရက်နေ့ ညနေ၆နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အာဆင်နယ်အသင်းနည်းပြအာတီတာဟာ လက်ရှိအသင်းမှာ နေရာမရဖြစ်လို့နေတဲ့ အသက်(၁၉)နှစ်အရွှယ် အသင်းရဲ့လူငယ်နောက်ခံကစားသမား ဝီလီယံဆာလီဘကို လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရာသီဝက်အငှားချသွားဖွယ် ရှိလို့နေပြီး သူ့ကိုလည်း ကလပ်အသင်းများစွာကနေ ခေါ်ယူဖို့ စောင့်ကြည့်လျက်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းက လေဗာကူဆင်အသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား မူဆာဒီအာဘီကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ခေါ်ယူနိုင်ခြင်းမရှိခဲ့တဲ့အတွက် အတ္တလန်တာအသင်းရဲ့ လူငယ်တောင်ပံကစားသမား အာမတ်ထရာအိုရေးကိုပဲ ပြောင်းလဲခေါ်ယူခဲ့ရတာဖြစ်တယ်လို့ သိရှိရပါတယ်။

အင်တာမီလန်အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် နိုင်ငံတကာရက်သတ္တပတ်အပြီးမှာပဲ လုပ်ဆောင်သွားတော့မယ်လို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ မာတီနက်ဇ်ရဲ့အေးဂျင့်ဖြစ်သူက အင်တာဘက်ကနေ သူရဲ့ကစားသမားအတွက် စာချုပ်သစ်ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားခြင်းမရှိဘူးလို့ ထုတ်ပြန်ပြောဆိုထားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်း အိုဝင်ဟားဂရေ့စ်က မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာအနေနဲ့ အသင်းကနေ လမ်းခွဲဖြစ်ခဲ့မယ်ဆိုရင် ဂျုဗင်တပ်စ်အသင်း ဒါမှမဟုတ် ပီအက်စ်ဂျီအသင်းတွေဆီကို ပြောင်းရွှေ့ကိုင်တွယ်ဖွယ်ရှိတယ်လို့ တွက်ဆပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်က ဒီနှစ်ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်းဘက်ကနေ တီမိုဝါနာ ကိုင်းလ်ဟားဗက်ဇ် သီယာဂိုဆေးဗား အက်ဒွါမန်ဒီ ဘန်ချီဝဲလ်နဲ့ ဟာကင်ဇီယက်ရှ်တို့ကို ခေါ်ယူခဲ့ပေမယ့် အားလုံးထဲကမှ အကောင်းဆုံးခေါ်ယူမှုကတော့ မော်ရိုကိုလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမားဇီယက်ရှ်သာဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။