MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော ညနေခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၄ရက်နေ့ ညနေ၆နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက ကစားသွားခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူနိုင်ဖို့အတွက် အသင်းဖော်ရိုဒရီဂိုဆီ ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လူငယ်တောင်ပံတိုက်စစ်ကစားသမား ဗင်နီရှပ်စ်ဂျူနီယာကို နည်းပြဇီဒန်းကနေ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ စာချုပ်သစ်ကိစ္စနဲ့ပတ်သက်ပြီး လုံးဝအဆင်မပြေဖြစ်နေရတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံကစားသမား ဒေးဗစ်အလာဘာကို အသင်းမှာပဲ ဆက်လက်ရှိနေပေမယ့် ကစားသမားရဲ့အနာဂတ်ကတော့ ကစားသမားလက်ထဲမှာ ရှိနေတဲ့အတွက် ဘယ်လိုမှ မတတ်နိုင်တော့ဘူးလို့ ဘိုင်ယန်ဥက္ကဌ ရူမင်နစ်ဂီက ပြောဆိုသွားခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးတစ်ယောက်ဖြစ်တဲ့ ဒီယေဂိုမာရာဒိုနာဟာ လက်ရှိအချိန်မှာ ဦးနှောက်ခွဲစိတ်ကုသမှုကို ခံယူနေရတာဖြစ်ပြီး ခွဲစိတ်မှုကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ပြန်လည်သက်သာကောင်းမွန်နေပြီလို့ ခွဲစိတ်မှုမှာ ပါဝင်ခဲ့တဲ့ ဆရာဝန်တစ်ဦးက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

စပါးအသင်းရဲ့ စပိန်လက်ရွေးစင် ဘယ်နောက်ခံကစားသမား ဆာဂျီယိုရယ်ဂီလွန်က သူတို့အသင်းရဲ့ လေ့ကျင့်ရေးကွင်းအတွင်း ဂေါ့ဖ်ကျင်းအပေါက်တွေကို ပြုလုပ်ပေးထားပြီး ဒါက ဂေါ့ဖ်အားကစားကို အရူးအမှုး ခုန်မင်တဲ့ အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်အတွက် ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြဆိုးလ်ရှားက အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရလို့ ဝေဖန်ခံနေရတဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဘက်ကနေ ကာကွယ်ပြောဆိုမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဒီနေ့ည တူရကီကလပ် ဘာရှက်ဆီဟီအသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်သွားဖွယ် ရှိနေပါတယ်။