MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော ညနေခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၃ရက်နေ့ ညနေ၆နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘန်လေအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ရပေမယ့် ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ရင်း ဒဏ်ရာရသွားခဲ့လို့ ပွဲမကစားခဲ့ရပဲ အနားယူခဲ့ရတဲ့ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်ဟာ ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်လောက် အနားယူရတော့မယ်လို့ သိရှိရပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ အင်တာမီလန်အသင်းအတွက ခြေစွမ်းပြသွင်းဂိုးတွေ ရယူပေးထားနိုင်ခဲ့တဲ့ အဓိကတိုက်စစ်ကစားသမား လူကာကူဟာ ကြွက်သားဒဏ်ရာကို ခံစားနေရတဲ့အတွက် ပါးမားအသင်းနဲ့ (၂)ဂိုးစီ သရေကျခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ပါဝင်ကစားခဲ့ရခြင်းမရှိသလို ဒီနေ့ည ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကိုပါ ထပ်မံလွဲချော်ရဖို့ သေချာသလောက်ရှိနေပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် ဒေါ့မွန်အသင်းရဲ့နော်ဝေတိုက်စစ်ကစားသမား အာလင်းဟာလန်းကို ကမ်းလှမ်းမှုတွေ သေချာပေါက်ပြုလုပ်လာလိမ့်မယ်လို့ ဟာလန်းရဲ့အသင်းဟောင်း ဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူက မှတ်ချက်ပြုပြောဆိုုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့နည်းပြဖြစ်သူ ဇီဒန်းကတော့ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အင်တာမီလန်အသင်းကို အရေးနိမ့်ခဲ့မယ်ဆိုရင်တောင် သူအနေနဲ့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာကိုမှ စဉ်းစားတွေးတောနေမှာမဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

ဒီနေ့ နိုဝင်ဘာလ(၃)ရက်နေ့ဟာ ဘောလုံးလောကထဲကမှ ဂန္တဝင်ကစားသမားကြီး(၃)ဦးရဲ့ မွေးနေ့တွေဖြစ်နေပါတယ်။ တစ်ဦးကတော့ အာဆင်နယ်အသင်းရဲ့ Legend ကြီး အီယန်ရိုက်ဖြစ်ပြီးတော့ နောက်(၂)ဦးကတော့ ဂျာမနီဘောလုံးလောကရဲ့ တကယ့် Legend ကြီးတစ်ယောက်ဖြစ်တဲ့ ဂတ်မူလာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ၁၉၉၉ခုနှစ်တုန်းက ဆုဖလား(၃)လုံးရယူခဲ့ဖူးတဲ့ ထရီနီဒက်နဲ့တိုဘာဂိုနိုင်ငံသား Legend ကြီး ဒွိုက်ယော့ခ်တို့ပဲဖြစ်ပါတယ်။ ယော့ခ်က လက်ရှိမှာ အသက်(၄၉)နှစ်ပြည့်သွားတာဖြစ်ပြီး ရိုက်က အသက်(၅၇)နှစ်ပြည့်သွားခဲ့တာဖြစ်ကာ ဂတ်မူလာက အသက်(၇၅)နှစ်ပြည့်သွားခဲ့တာဖြစ်ပါတယ်။
https://youtu.be/OchGloOd8IY