MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော ညနေခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၁၁ရက်နေ့ ညနေ၆နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လိုင်ယွန်အသင်းရဲ့ ဥက္ကဌဖြစ်သူ အူလက်စ်က သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းဟာ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်း ဘာစီလိုနာအသင်းဆီ ရောက်ရှိဖို့ ကောလဟာလသတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဒီပိုင်းက အသင်းကနေ ထွက်ခွာဖွယ်မရှိသလို အသင်းနဲ့သာ စာချုပ်သက်တမ်းတိုးမြှင့်သွားဖွယ်ရှိတယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ဒေါ့မွန်အသင်းရဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကြယ်ပွင့်ကစားသမားလေး ဂျိတ်ဘယ်လင်ဟမ်ဟာ အင်္ဂလန်နဲ့ အိုက်စလန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့် UEFA Nations League ပွဲစဉ်အတွင်းမှာ စတင်ပါဝင်ကစားရဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။

အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ဟာ လက်ရှိအချိန်မှာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေ ရင်ဆိုင်ကစားနေရတဲ့ အာဂျင်တီးနားအသင်းရဲ့ လူစာရင်းမှာ ပါဝင်နေပေမယ့်လည်း သူရဲ့ကြွက်သားဒဏ်ရာပြသာနာကြောင့် ပါရာဂွေးအသင်းနဲ့ ကစားရမယ့် ခြေစစ်ပွဲကို ပါဝင်နိုင်ဖို့ မသေချာပဲ ဖြစ်နေရပါတယ်။

အသက်(၃၀)အရွှယ်ရှိ လီဗာပူးလ်အသင်းရဲ့ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ကို သတင်းထောက်များကနေ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ရေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်လာခဲ့ရာ ဝိုင်နယ်ဒန်ဘက်ကနေ ဖြေဆိုသွားခြင်းမရှိဘူးလို့ သိရပါတယ်။ ဝိုင်နယ်ဒန်ဟာ ဒီရာသီအကုန်မှာပဲ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ကစားသမားသစ် ဆာဂျီနိုဒက်စ်က သူရဲ့နိုင်ငံအသင်းဖြစ်တဲ့ အမေရိကန်လက်ရွေးစင်အသင်းဟာ လက်ရှိအချိန်မှာ အရည်အသွေးမြင့် မျိုးဆက်သစ်ကစားသမားလေးတွေကို ပိုင်ဆိုင်ထားနိုင်ပြီဖြစ်လို့ လာမယ့် ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ဗိုလ်စွဲနိုင်တယ်လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။