ဒီနေ့ရဲ့ ဇွန်လ ၂၃ရက်နေ့ ညနေ၆နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပ စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်လယ်ကစားသမား ဂျက်ဂါရီးလစ်ရှ်ဟာ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်လို့နေပေမယ့်လည်း ဂရီးလစ်ရှ်အနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ရမယ့်အရေးထက် သူရဲ့အက်စတွန်ဗီလာအသင်းအတွက်ကိုပဲ ဦးစားပေးစဉ်းစားနေလျက်သာရှိတယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

ဘိုကာဂျူနီယာအသင်းရဲ့ ဝါရင့်အာဂျင်တီးနားလက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား ကားလို့တဲဗက်ဇ်ကို အသင်းကနေ တစ်ရာသီစာချုပ် ထပ်မံချုပ်ဆိုသွားဖို့ ရှိနေတယ်လို့ TyC Sports ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၃၆)နှစ်အရွှယ်ရှိ ဝါရင့်တိုက်စစ်မှူးကြီး တဲဗက်ဇ်ဟာ ဒီဇွန်လကုန်မှာပဲ ဘိုကာဂျူနီယာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ သူတို့အသင်းပိုင် ကစားသမားတွေဖြစ်တဲ့ နောက်ခံလူတိုဒီဘိုနဲ့ ဘရာဇီးတိုက်စစ်ကစားသမား ကော်တင်ဟိုတို့ကို ရောင်းချသွားချင်တာကြောင့် ခေါ်ယူချင်နေတဲ့ အသင်းတွေကို ရှာဖွေနေတယ်လို့ သိရပါတယ်။ တိုဒီဘိုကိုတော့ အဲဗာတန်နဲ့ ရိုးမားအသင်းတို့ကနေ စိတ်ဝင်စားနေပေမယ့် ကော်တင်ဟိုကိုတော့ အပြီးသတ်ခေါ်ယူမယ့်အသင်းထက် အငှားနဲ့ခေါ်ယူမယ့် အသင်းသာရှိလို့နေပါတယ်။

အဲဗာတန်အသင်းနဲ့ ကစားခဲ့ရတဲ့ မာဆေးဆိုက်ဒါဘီမှာ လီဗာပူးလ်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိခဲ့တဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာနဲ့ ဘယ်နောက်ခံလူ ရောဘတ်ဆန်တို့နှစ်ယောက်ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ကစားရမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲမှာ ပြန်လည်ပါဝင်ကြမှာဖြစ်ပြီး ဝါရင့်ကစားသမားကြီး ဂျိမ်းစ်မီနာကတော့ လွဲချော်ရမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ရိုးမားအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ အင်္ဂလန်နောက်ခံကစားသမား ခရစ်စမောလင်းကို နောက်တစ်ရာသီ အငှားနဲ့ထပ်မံခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး အငှားသက်တမ်းပြည့်သွားချိန်မှာ တစ်ခါတည်း အပြီးသတ်ခေါ်ယူနိုင်မယ့် အချက်ကိုပါ တစ်ခါတည်းထည့်သွင်းချုပ်ဆိုမှာဖြစ်တယ်လို့ သိရှိရပါတယ်။