ဘိုင်ယန်မြူးနစ်အသင်းရဲ့ တာဝန်ရှိသူတွေကတော့ ဒီရာသီမှာ အသင်းအနေနဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုနဲ့ပါ လွဲချော်သွားရဦးမယ်ဆိုရင်တောင်မှ အသင်းရဲ့ လက်ရှိနည်းပြ သောမတ်စ်တူဟယ်လ်အပေါ် ယုံကြည်မှု ထားရှိသွားမှာဖြစ်ပြီး နောက်ရာသီလည်း တူဟယ်လ်နဲ့ပဲ ဆက်လက် နှစ်ပါးသွားဦးမယ်လို့ သိရပါတယ်။

Photo Credit : Twitter

ဘိုင်ယန်အသင်းဟာ မတ်လကုန်ပိုင်းလောက်မှာပဲ အသင်းနည်းပြ အပြောင်းအလဲကို ရုတ်တရက် လုပ်ဆောင်ခဲ့ပြီး နာဂယ်စမန်းကို ထုတ်ပယ်ကာ အသင်းလက်မဲ့ ဖြစ်နေတဲ့ တူဟယ်လ်နဲ့ အစားထိုးခဲ့ပါတယ်။ တူဟယ်လ်က ဘိုင်ယန်နည်းပြအဖြစ် ဆောင်ရွက်စဉ် ကာလအတွင်း (၈)ပွဲ ကိုင်တွယ်ခဲ့ရာ (၄)ပွဲအထိ ရှုံးထားခဲ့ရပြီး အဲ့ဒီ ရှုံးပွဲ(၄)ပွဲဟာလည်း အသင်းရဲ့ ဆုဖလား မျှော်လင့်ချက်တွေ အဆုံးသတ်ရတဲ့ ရှုံးပွဲတွေ ဖြစ်သွားခဲ့ပါတယ်။ ပိုကယ်ဖလား ကွာတားဖိုင်နယ်မှာ ဖရိုင်းဘတ်ကို ရှုံး ၊ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ မန်စီးတီးကို ရှုံးပြီး ပြိုင်ပွဲနှစ်ခုကနေ ထွက်ခွာခဲ့ရသလို မနေ့ကလည်း မိန့်ဇ်ကိုလည်း ရှုံးလို့ အမှတ်ပေးဇယားမှာပါ ဒုတိယနေရာကို ဆင်းပေးခဲ့ရပြန်ပါတယ်။

Photo Credit : Twitter

ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဘိုင်ယန်အနေနဲ့ အခုလို ရာသီကုန်ခါနီးမှ ရုတ်တရက် နည်းပြအပြောင်းအလဲ လုပ်ဆောင်ခဲ့ခြင်းအပေါ် ဝေဖန်မှုတွေ လုပ်ဆောင်လာကြပေမယ့် ဘိုင်ယန်ဘက်ကတော့ တကယ်လို့ အသင်းက ဘွန်ဒက်စ်လီဂါ အမှတ်ပေး ချန်ပီယံဆုနဲ့ပါ လွဲချော်သွားခဲ့မယ်ဆိုရင်တောင် အသင်းဘက်က တူဟယ်လ်ကို ဆက်လက် ယုံကြည်ပေးသွားမှာ ဖြစ်သလို လာမယ့်ရာသီကိုလည်း တူဟယ်လ်နဲ့ပဲ ဆက်လက် ဖြတ်သန်းသွားဦးမှာပဲ ဖြစ်တယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit : Twitter

လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်းမှာလည်း တူဟယ်လ် စိတ်ကြိုက် ကစားသမားတွေကို ဖြည့်တင်းပေးသွားဖို့ပါ အစီအစဉ် ရှိနေပြီး ဈေးကွက်ဖွင့်ချိန်မှာတော့ တိုက်စစ်ပိုင်းအတွက် အထောင်တိုက်စစ် တစ်ဦးကို မဖြစ်မနေ ခေါ်ယူဖွယ် ရှိနေသလို အသင်းအတွင်း ကစားသမား အပြောင်းအလဲတွေလည်း များစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။ လက်ရှိမှာတော့ ဘိုင်ယန်က အသင်းရဲ့ အထောင်တိုက်စစ် နေရာအတွက် ဟာရီကိန်း အိုဆင်မန်တို့လို ကစားသမားတွေကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။