ကီလီယန် အမ်ဘာပေကတော့ ဒီနွေမှာ အသင်းမပြောင်းပဲ သူ့ စာချုပ်သက်တမ်း အတိုင်း ပီအက်စ်ဂျီအသင်းမှာ ဆက်ရှိနေမယ် အသင်းဘက်က သူ့ကို တစ်စက္ကန့်လေးတောင် ကစားခွင့် မပေးဘူးလို့ သတိပေးလိုက်ပေမယ့်လည်း ဘာပေဘက်ကတော့ အသင်းမှာသာ ဆက်ရှိမယ်လို့ တုံ့ပြန်လိုက်ပါတယ်။

ဘာပေ နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အခြေအနေတွေဟာ နွေဈေးကွက် ကုန်ဆုံးခါနီးလေ ပိုပြီး တင်းမာလာလေလေ ဖြစ်နေရပြီး ပီအက်စ်ဂျီဘက်က ဘာပေ ပိုစတာတွေ ဖြုတ် ၊ ဘာပေကို ပထမအသင်းနဲ့ လေ့ကျင့်ရေးဆင်းခွင့် တားမြစ်တာတွေ လုပ်ဆောင်လာခဲ့သလို ဘာပေကလည်း ဒီကိစ္စတွေနဲ့ သွေးအေးအေးနဲ့သာ တုံ့ပြန်နေပါတယ်။

Photo Credit : Marca

ပီအက်စ်ဂျီဘက်က ဘာပေကို အရောင်းစာရင်းတင်ထားခဲ့ချိန်မှာ ဆော်ဒီကလပ် အယ်လ် ဟီလာအသင်းက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး + လုပ်ခလစာ + အကျိုးခံစားခွင့်တွေနဲ့ ကမ်းလှမ်းမှုကိုလည်း ပီအက်စ်ဂျီက လက်ခံခဲ့ပေမယ့် ဘာပေကတော့ ဆွေးနွေးမှုကိုတောင် လက်မခံခဲ့လို့ ပီအက်စ်ဂျီတို့ ဒေါသပုန်ထခဲ့ရပါတယ်။

ပီအက်စ်ဂျီက ဘာပေကို အရောင်းစာရင်း တင်ထားသလို စာချုပ်သစ်ကိစ္စကိုလည်း ရသလောက် ကြိုးပမ်းခဲ့ပေမယ့်လည်း ဘာပေကတော့ သူ့ကို ရောင်းချဖို့လည်း လက်မခံ စာချုပ်ကမ်းလှမ်းမှုကိုလည်း မတုံ့ပြန်တာကြောင့် ပီအက်စ်ဂျီအတွက် ပိုမို ခေါင်းခဲစရာ ဖြစ်သွားရပါတယ်။

Photo Credit : Detik Sport

ဒါကြောင့် ဒီလောက်အထိ အသင်းအပေါ် ပြုမှုနေတဲ့ ဘာပေကို ဒီရာသီအတွင်း အသင်းအတွက် လုံးဝ ကစားခွင့်မပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေ အကြီးအကဲတွေ ကိုယ်တိုင် ညွှန့်ကြားထားခဲ့ရာ ဘာပေအနေနဲ့ တစ်ရာသီလုံး ဘောလုံး မကစားရဖို့ သေချာသလောက် ရှိသွားခဲ့ရပါတယ်။

ဒါပေမယ့် ဘာပေကတော့ ဒီလို အခြေအနေမျိုး ကြုံရမယ်ဆိုရင်တောင်မှ သူကတော့ စာချုပ်သက်တမ်းအတိုင်း ၂၀၂၄ခုနှစ် ဇွန်လအထိ အသင်းမှာသာ ဆက်ရှိနေမှာဖြစ်ပြီး သူ့ကို ဘယ်လိုပုံစံနဲ့ပဲ အသင်းက ဆက်ဆံ ဆက်ဆံ သူကတော့ အခုအတိုင်းလေးပဲ အသင်းမှာ ရှိနေသွားမယ်လို့ ပြတ်ပြတ်သားသား တုံ့ပြန်လိုက်ပါတယ်။