ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက လိဂ်ဂိုး(၄၁)ဂိုးအထိ်ကို သွင်းယူခဲ့ပြီး ကစားသမားဘဝအတွင်းမှာ တစ်ကြိမ်တစ်ခါမှ မပိုင်ဆိုင်ဖူးသေးတဲ့ ဥရောပရွှေဖိနပ်ဆုကို ပြိုင်ဘက်ကင်းစွာနဲ့ ပိုင်ဆိုင်နို်င်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးက သူရဲ့ဂိုးသွင်းစွမ်းရည်တွေ ဘယ်လောက်ကောင်းမွန်သလဲဆိုတာနဲ့ သူက ဘယ်လောက်အထိ အဆုံးသတ်ကောင်းသလဲဆိုတာကို တခြားလိဂ်တွေမှာပါ သက်သေပြနေစရာ မလိုအပ်ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

အသက်(၃၃)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ ၂၀၁၄ခုနှစ်ကမှ ဒေါ့မွန်ကနေ ဘိုင်ယန်ကို ရောက်ရှိလာခဲ့ပြီး နှစ်တိုင်းလိုလို အသင်းအတွက် သွင်းဂိုးပေါင်းများစွာကို သွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ဂန္တဝင်ကစားသမားဟောင်းကြီး ဂတ်မူလာရဲ့ စံချိန်ကိုပါ ကျော်ဖြတ်ပြီး ဘွန်ဒစ်လီဂါသွင်းဂိုး (၄၁)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ဥရောပရွှေဖိနပ်ဆုပိုင်ရှင်အဖြစ် သတ်မှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ရွှေဖိနပ်ဆုရှင် လီဝန်ဒေါစကီးက “ကျွန်တော်အနေနဲ့ အခြားသော အမှတ်ပေးလိဂ်တစ်ခုမှာ ကျွန်တော် ဘယ််လိုကစားသမားလဲဆိုတာကို သက်သေပြစရာ မလိုအပ်ပါဘူး”

Photo Credit : The Sun

“ကျွန်တော် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အခြားသော အမှတ်ပေးလိဂ်တွေက အကောင်းဆုံး ကလပ်အသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်ခဲ့တာပဲလေ။ ကျွန်တော်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက်ကိုပဲ ရာနှုန်းပြည့် အာရုံစိုက်ထားပါတယ်။ ကျွန်တော်ရဲ့ ကလပ်အသင်းကလွဲပြီး တခြား အကြောင်းအရာတွေကို ကျွန်တော် စဉ်းစားမနေပါဘူး။ ကျွန်တော် ဒီမှာပဲ ရှိနေမှာပါ။ အချိန်အတော်ကြာကြာလည်း ဖြစ်သွားနိုင်ပါတယ်။ အသက်အရွှယ်ဆိုတာက ကိန်းဂဏန်းတွေပါပဲ။ ကျွန်တော့်ကို ကျွန်တော် အကောင်းဆုံး စွမ်းဆောင်နိုင်သေးတယ်လို့ ခံစားရတယ်။ ကျွန်တော်အနေနဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့လည်း ကောင်းမွန်တဲ့ အချက်လက်တွေကို ရယူထားနို်င်တယ်။ ကျွန်တော်ရဲ့ ရုပ်ပိုင်းဆိုင်ရာအရ ဆိုရင်လည်း ကျွန်တော်က ထိပ်တန်းအဆင့်မှာပဲ နောက်ထပ်နှစ်အတန် ဆက်လက်ကစားနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ ကျွန်တော်က အကောင်းစား ဝိုင်တစ်ပုလင်းလိုပါပဲ။ ပိုပိုပြီးတော့ ကောင်းမွန်လာဖို့လည်း မျှော်လင့်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ဒီရာသီမှာလည်း ဘိုင်ယန်အသင်းအတွက် ဘွန်ဒစ်လီဂါသွင်းဂိုး (၇)ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် ရွှေဖိနပ်ဆုအတွက် ရေပန်းစားနေတဲ့ ကစားသမားထဲမှာပါ ဆက်လက်ပါဝင်လျက် ရှိနေရပါတယ်။