၂၀၁၉-၂၀၂၀ ဘောလုံးရာသီက အခုဆိုရင် လက်ကျန်ရာသီဝက်ထဲကို ဝင်ရောက်နေပြီဖြစ်ပြီး ရာသီသိမ်းဖို့ကလည်း သိပ်မကျန်တော့တာကြောင့် ဒီအချိန်မှာ ဥရောပရွှေဖိနပ်ဆုအတွက် အားပြိုင်မှုကလည်း အရမ်းကို ဇာတ်ရှိန်မြင့်နေပြီဖြစ်ပါတယ်။ မနှစ်က ဘောလုံးရာသီအပါအဝင် ဥရောပရွှေဖိနပ်ဆုကို ကြိမ်ဖန်များစွာ ပိုင်ဆိုင်ထားခဲ့ဖူးတဲ့ ဘာစီလိုနာတိုက်စစ်ကစားသမားမက်ဆီကတော့ ဒီရာသီမှာ သူရဲ့လိဂ်သွင်းဂိုးတွေ နည်းပါးနေသေးတဲ့အတွက်ကြောင့် ဒီဆုကို ဆက်လက်ကာကွယ်နိုင်ဖို့ မဖြစ်နိုင်တော့ပဲ တခြားသော တိုက်စစ်ကစားသမားတစ်ဦးဦးကသာ ရွှေဖိနပ်ဆုကို ရယူသွားဖို့ ပိုအခြေအနေကောင်းလာခဲ့ရပါတယ်။

Photo Credit : Getty Images

၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ရွှေဖိနပ်ဆုအတွက် ရေပန်းအစားဆုံး ဖြစ်လို့နေရတာကတော့ လာဇီယိုရဲ့အီတလီတိုက်စစ်ကစားသမား အင်မိုဘီလီဖြစ်ပြီး လိဂ်သွင်းဂိုး၂၅ဂိုး သွင်းယူထားနိုင်ခဲ့တာကြောင့် ရွှေဖိနပ်ဆုအတွက် ရမှတ်၅၀နဲ့ ထိပ်ဆုံးနေရာကနေ ရပ်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်။ သူရဲ့နောက် ဒုတိယနေရာမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးက ၂၂ဂိုးနဲ့ ရပ်တည်လို့နေပြီး လိုက်ပ်ဇစ်အသင်းရဲ့ဂျာမန်တိုက်စစ်ကစားသမားလေး တီမိုဝါနာကလည်း သွင်းဂိုး၂၀နဲ့ တတိယနေရာမှာ ရှိလို့နေပါတယ်။

Photo Credit : Getty Images

လက်ရှိ ဥရောပရွှေဖိနပ်ဆုရှင်ဖြစ်တဲ့ လီယွန်နယ်မက်ဆီရဲ့အဓိကပြိုင်ဘက်ဖြစ်သူ ခရစ္စတီယာနိုရော်နယ်ဒိုကတော့ သွင်းဂိုး၁၉ဂိုးနဲ့ စတုတ္ထနေရာမှာ ရှိနေသလို ဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့မွန်အသင်းကို ဆောင်းရာသီစျေးကွက်အတွင်းမှာ ရောက်ရှိလာခဲ့တဲ့ နော်ဝေတိုက်စစ်ကစားသမား အာလင်းဟာလန်းလေးကလည်း သွင်းဂိုး၂၃ဂိုးနဲ့ (ဆာလ်ဇ်ဘာ့ဂ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေက ဥရောပထိပ်သီးလိဂ်ရဲ့အသင်းမဟုတ်တာကြောင့် တခြားလိဂ်ကြီးတွေလို ၂နဲ့မမြှောက်ပဲ ဒေါ့မွန်အတွက် သွင်းယူခဲ့တဲ့ ဂိုးများကိုသာ ၂နဲ့မြှောက်တာဖြစ်ပါတယ်) ပဥ္စမနေရာမှာ ရှိလို့နေပါတယ်။ ဒီကစားသမားတွေရဲ့အောက်မှာတော့ ဗာဒီ အဂူရို လူကာကူ ဆော်ဂါနဲ့ ဘင်ယက်ဒါတို့ရှိနေပြီး မက်ဆီကတော့ သွင်းဂိုး၁၄ဂိုးနဲ့ အဆင့်၁၃နေရာမှာပဲ ရှိလို့နေရပါတယ်။