စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဟာ သူတို့ရဲ့ လက်ရှိနည်းပြ အယ်လီဂရီရဲ့နေရာမှာ အသင်းသားဟောင်းကြီးဖြစ်သူ ဇီဒန်းနဲ အစားထိုးသွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး ဇီဒန်းကိုယ်တိုင်ကလည်း နည်းပြနယ်ပယ်ထဲကို ပြန်လည် ဝင်ရောက်လာဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo Credit : The Mirror

ဂျုဗင်တပ်စ်အသင်းက ဒီနှစ်ဘောလုံးရာသီ ရလဒ်တွေ ဆိုးရွှားလျက် ရှိနေပြီး ပြိုင်ပွဲစုံ (၈)ပွဲ ကစားထားပြီးချိန်မှာ နိုင်ပွဲ(၂)ပွဲသာ ရရှိထားသလို ချန်ပီယံလိဂ်မှာလည်း ပီအက်စ်ဂျီ ဘင်ဖီကာတို့ကို ဆက်တိုက် ရှုံးနိမ့်ထားရပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဂျုဗင်တပ်စ်က နည်းပြအပြောင်းအလဲ လုပ်ဆောင်သွားဖို့ပါ စဥ်းစားလာခဲ့ပြီး လက်ရှိ အသင်းနည်းပြ အယ်လီဂရီနေရာမှာ နည်းပြတစ်ဦးဦးနဲ့ အစားထိုးသွားချင်နေပါတယ်။ လက်ရှိမှာတော့ ဂျုဗင်တပ်စ်အသင်းဟာ အသင်းလက်မဲ့ ​ဖြစ်နေတဲ့ နည်းပြဇီဒန်းကိုပါ ပစ်မှတ်ထားနေတယ်လို့ အီတလီ မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : AS

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ ဇီဒန်းဟာ ပြီးခဲ့တဲ့ နွေရာသီက ရီးယဲလ်နဲ့ လမ်းခွဲပြီးနောက်ပိုင်း အခုအချိန်ထိ အသင်းတစ်သင်းသင်းကို ကိုင်တွယ်ခြင်း မရှိသေးပဲ အသင်းလက်မဲ့အဖြစ်နဲ့ ရှိနေတာ ဖြစ်ပါတယ်။ ရီးယဲလ်ကို ကိုင်တွယ်ခဲ့စဥ်က (၄)နှစ်ခွဲတာ ကာလအတွင်း ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား(၁၁)ခုအထိ ရယူပေးနိုင်ခဲ့တဲ့ ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ချင်နေတဲ့ ဥရောပ ကလပ်အသင်းတွေ များစွာရှိနေကြပြီး တူဟယ်လ်ကို ထုတ်ပယ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းပါ ဂရေဟမ်ပေါ်တာကို မခန့်အပ်ခင် ဇီဒန်းကို အရင် ပစ်မှတ်ထားခဲ့သေးတာလည်း ဖြစ်ပါတယ်။ အခုလည်း ဂျုဗင်တပ်စ်ကပါ သူတို့ကစားသမားဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဇီဒန်းကို အသင်းနည်းပြအဖြစ် ခန့်အပ်ချင်နေပေမယ့် ဇီဒန်းရဲ့လုပ်ခလစာက အယ်လီဂရီထက် များပြားနေတာကြောင့် ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဂျုဗင်တပ်စ်အနေနဲ့ ဇီဒန်းကို ခေါ်ယူနိုင်ဖို့က အလွန်ခက်ခဲရဖွယ် ရှိနေပါတယ်။