စိတ်လှုပ်ရှား ရင်ခုန်စရာကောင်းတဲ့ ချန်ပီယံလိဂ်ညချမ်းတွေ ပြန်လည်ရောက်ရှိလာပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကို တတ်လှမ်းခွင့်လက်မှတ် ဒါမှမဟုတ် တတ်လှမ်းနိုင်ဖို့ အသေချာဆုံးတွေ ထွက်ပေါ်လာနိုင်သလို ချန်ပီယံလိဂ်ကနေ စောစောစီးစီး ထွက်ခွာသွားရမယ့် ကလပ်အသင်းတွေပါ ပေါ်ထွက်လာနိုင်တာဖြစ်လို့ ပြိုင်ဆိုင်မှုတွေကတော့ ပိုမိုပြင်းထန်လာနိုင်ပါတယ်။ ဒါဆို ဒီနေ့ညမှာ ကစားသွားမယ့် ပွဲစဉ်တွေထဲကမှ အရေးကြီးတဲ့ ပွဲတွေအကြောင်းကို ဆက်လက်လေ့လာကြည့်ရအောင်ဗျာ။

မာလ်မို နဲ့ ချယ်လ်ဆီး (12:15AM)

ဆွီဒင်ကလပ် မာလ်မိုက ဒီပွဲကို ရှုံးလိုက်တာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို စောစောစီးစီး နှုတ်ဆက်ရတော့မှာပါ။ ဒါပေမယ့် လက်ရှိမှာ တိုက်စစ်ကစားသမားတွေ မပါဝင်တာတောင် ရလဒ်တွေ ဆက်တိုက်ကောင်းမွန်နေတဲ့ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ မာလ်မိုအသင်း သူတို့လိုချင်နေတဲ့ ရလဒ်မျိုးကို ပိုင်ဆိုင်နိုင်ဖို့က မလွယ်ပါဘူး။ အဝေးကွင်းမှာ ဖြစ်ပေမယ့် ချယ်လ်ဆီးပဲ နိုင်ပွဲရမှာပါ။ ကစားသမား အပြောင်းအလဲ အနည်းငယ် ရှိလာနိုင်လို့ ဂိုးပြတ်နိုင်ဖို့ ခက်ပါလိမ့်မယ်။

အတ္တလန်တာ နဲ့ မန်ချက်စတာယူနိုက်တက် (2:30AM)

ယူနိုက်တက်က အတ္တလန်တာကို သူတို့ရဲ့ အိမ်ကွင်းမှာ Comeback နိုင်ပွဲနဲ့ အနိုင်ယူခဲ့ပြီး အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ထားပေမယ့် အီတလီမြေမှာတော့ ဒီထက်မက ပိုရုန်းကန်ရနိုင်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲတွေမှာ လာဇီယုုိ မီလန်တို့လို အသင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်ထားခဲ့ရတဲ့ အတ္တလန်တာဟာ ရလဒ်တွေမကောင်းထားပေမယ့် တိုက်စစ်ကတော့ အလုပ်ဖြစ်ထားခဲ့ပါတယ်။ မတည်ငြိမ်တဲ့ ယူနိုက်တက်ခံစစ်ကိုလည်း ဒုက္ခပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အတ္တလန်တာအတွက်တော့ ဒီပွဲမှာ အမြင့်ဆုံး သရေတစ်မှတ်သာ မျှော်လင့်နိုင်ပါမယ်လို့ ထင်မိပါတယ်။

ဒိုင်နမိုကိဗ် နဲ့ ဘာစီလိုနာ (2:30AM)

ဘာစီလိုနာက နူးကမ့်မှာ ဒိုင်နမိုကိဗ်ကို အနိုင်ကစားထားပေမယ့် ယူကရိန်းမြေမှာတော့ အိမ်ရှင်အသင်းကို အနိုင်ယူဖို့ဆိုတာက ဘာစီလိုနာရဲ့ လက်ရှိအနေအထားအရဆို ခက်ခဲနိုင်ပါတယ်။ နောက်ပြီး ကိဗ်က ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းကတည်းက အိမ်ကွင်းပွဲတွေဆိုရင် ရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့အပြင် အိမ်ရှင်ကိဗ်အတွက် ဒီပွဲက အမှားခံလို့ မရတော့တာကလည်း ဘာစီလိုနာအတွက် သတိထားစရာပါ။ သရေလောက် ဖြစ်သွားနိုင်ပါတယ်။

ဂျုဗင်တပ်စ် နဲ့ ဇင်းနစ် (2:30AM)

ဂျုဗင်စ်တပ်က စီးရီးအေမှာ ရလဒ်တွေ ဆက်တိုက်ပြန်ကျသွားပေမယ့် ချန်ပီယံလိဂ်မှာတော့ သူတို့အသင်းရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာပါ။ (၃)ပွဲလုံး ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့အပြင် Clean Sheet ပါ ဆက်တိုက်ရယူထားနိုင်ပါတယ်။ ဒါပေမယ့် Form နည်းနည်းအောက်နေတာကြောင့် တူရင်မြေမှာ ကစားရမှာဆိုပေမယ့် ဂျျုဗီကို အရမ်းယုံစားလို့ မဖြစ်ပါဘူး။ မထင်မှတ်ပဲ အမှတ်လျော့သွားနိုင်ပါတယ်။

ဘိုင်ယန်မြူးနစ် နဲ့ ဘင်ဖီကာ (2:30AM)

မိုချန်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ရပေမယ့် အူန်ယွန်းဘာလင်ကို (၅)ဂိုးသွင်းယူပြီး အရင်အခြေအနေကို ပြန်ရထားနိုင်ခဲ့ပါတယ်။ နောက်ပြီး ချန်ပီယံလိဂ်မှာလည်း ရာနှုန်းပြည့်နိုင်ပွဲတွေ ရယူထားတဲ့ ဘိုင်ယန်က ဒီပွဲကို အနိုင်ရလိုက်တာနဲ့ (၁၆)သင်းအဆင့်ကို စောစောစီးစီး တတ်လှမ်းသွားရမှာဖြစ်လို့ အခုပွဲကို သေချာပေါက် အနိုင်ကစားမှာပါ။ ဘင်ဖီကာကလည်း ဒီနောက်ပိုင်း ရလဒ်တွေ ကျဆင်းနေတာဖြစ်လို့ ဘိုင်ယန်တို့ အိမ်ကွင်းမှာ (၃)ဂိုးလောက် သွင်းယူနိုင်မယ်လို့ ယူဆမိပါတယ်။