မနေ့ညက ယှဉ်ပြိုင်ခဲ့ကြတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာတော့ (၁၆)သင်းအဆင့်ကို စောစောစီးစီးပဲ တတ်လှမ်းသွားနိုင်တဲ့ ကလပ်အသင်း(၂)သင်း ထွက်ပေါ်လာခဲ့ပြီး ဘိုင်ယန်မြူးနစ် ဂျုဗင်တပ်စ်တို့ဖြစ်သလို (၄)ပွဲကစားအပြီး တစ်မှတ်မှကို မရထားသေးတဲ့ မာလ်မိုကတော့ ချန်ပီယံလိဂ်ကနေ ထွက်ခွာသွားခဲ့ရပါတယ်။ ဒီနေ့ညမှာလည်း တကယ့်ကို ပွဲကောင်းတွေ ပါဝင်နေတဲ့အပြင် တချို့ကလပ်အသင်းတွေရဲ့ အဆုံးအဖြတ် ပွဲစဉ်တွေလည်း ပါဝင်နေတာကြောင့် ဒီပွဲတွေအကြောင်းကို လေ့လာလိုက်ရအောင်ခင်ဗျာ။

အေစီမီလန် နဲ့ ပေါ်တို (12:15AM)

မီလန်က စီးရီးအေမှာ လုံးဝရှုံးပွဲမရှိ Unbeaten အသင်း ဖြစ်နေပေမယ့် ချန်ပီယံလိဂ်မှာတော့ နိုင်ပွဲမရှိထားတဲ့ အသင်း ဖြစ်နေရပြန်ပါတယ်။ တကယ်လို့ ဒီပွဲမှာသာ ထပ်ပြီး အမှတ်ပြည့် ဆုံးရှုံးရဦးမယ်ဆိုရင် ချန်ပီယံလိဂ်ကနေ ထွက်ခွာရတော့မှာဖြစ်လို့ အမှားမခံစတမ်းကို ကြိုးစားရတော့မှာပါ။ ပေါ်တိုကွင်းမှာကတည်းက ကောင်းရှုံးဖြစ်ခဲ့ရတဲ့ မီလန်တို့ ဆန်စီယိုမှာတော့ နိုင်ပွဲပြန်ရပါလိမ့်မယ်။

ရီးယဲလ်မက်ဒရစ် နဲ့ ရှက်တာဒိုးနက် (12:15AM)

ယူကရိန်းမြေမှာ ကစားခဲ့ရတုန်းက ရီးယဲလ်တို့ ရှက်တာကို ဂိုးမိုးရွာခဲ့ပြီး ကလဲ့စားချေနိုင်ခဲ့ပါတယ်။ ရှက်တာမှာက အဓိက ကစားသမားတချို့ ဒဏ်ရာရနေလို့ အားနည်းနေနိုင်ပါတယ်။ ဒီအုပ်စုမှာ ရှာရစ်ဖ်က မထင်မှတ်ပဲ (၆)မှတ်ထိ ရယူထားနိုင်တာဖြစ်လို့ ရီးယဲလ်အတွက် လက်ကျန်ပွဲတိုင်းက အရေးပါနေပါတယ်။ ဘာနေဗျူးမှာ ရီးယဲလ်ပဲ ဂိုးပြတ်နဲ့ကို နိုင်ပါလိမ့်မယ်။

လီဗာပူးလ် နဲ့ အသက်လက်တီကို (2:30AM)

(၃)ပွဲလုံး ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ လီဗာပူးလ်က ဒီပွဲကို ထပ်နိုင်လိုက်တာနဲ့ နောက်တစ်ဆင့် တတ်လှမ်းသွားတော့မှာပါ။ ဒါပေမယ့် ဒီပွဲမတိုင်ခင်မှာ လီဗာပူးလ်က နိုင်ပွဲရပ်တန့်ထားပြီး အသက်လက်တီကိုကတော့ ဒီရာသီအတွင်း (၃)ဂိုးထိ ပထမဆုံး သွင်းယူနိုင်ခဲ့ပါတယ်။ (၂)သင်းလုံးကလည်း ဒီပွဲစဉ်မှာ ခံစစ်ပိုင်းက အမှားတွေ နည်းနိုင်သမျှ နည်းဖို့အတွက်ကိုပဲ ပိုအာရုံစိုက်လာနိုင်တယ်။ အရင်ပွဲကလောက် (၂)သင်းပေါင်း ဂိုးနည်းသွားနိုင်တယ်။ သရေကျနိုင်ပါတယ်။

မန်စီးတီး နဲ့ ကလပ်ဘရုဂေး (2:30AM)

လိဂ်ဖလားကနေ ထွက်ခွာ အိမ်ကွင်းမှာ ပဲလေ့စ်ကို အရေးနိမ့်ခဲ့ရတဲ့ မန်စီးတီးတို့အတွက် ဒီပွဲက အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဘယ်လ်ဂျီယံမြေမှာကတည်းက ဘရုဂေးကို ဂိုးမုန်တိုင်းတိုက်ထားခဲ့တဲ့ မန်စီးတီးတို့ ဒီတစ်ကြိမ်လည်း အယ်တီဟတ်မှာ ဘရုဂေးကို ထပ်မံဂိုးသွင်းလေ့ကျင့်နိုင်ပါတယ်။ မန်စီးတီး အနည်းဆုံး (၃)ဂိုးပြတ်ပါလိမ့်မယ်။

လိုက်ပ်ဇစ် နဲ့ ပီအက်စ်ဂျီ (2:30AM)

တစ်မှတ်မှကို မရသေးတဲ့ လိုက်ပ်ဇစ်က ဒီပွဲမှာသာ ပီအက်စ်ဂျီကို ရှုံးနိမ့်လိုက်ရမယ်ဆိုရင် ချန်ပီယံလိဂ်ကနေ နှုတ်ဆက်ရတော့မှာဖြစ်လို့ ဒီပွဲကို အားစိုက်လာပါလိမ့်မယ်။ ပီအက်စ်ဂျီကလည်း မက်ဆီမပါဝင်နိုင်ပေမယ့် အသင်းမှာ ပွဲကို အလှည့်အပြောင်း လုပ်ပေးနိုင်မယ့် ကြယ်ပွင့်တွေကို ပိုင်ဆိုင်ထားတာဖြစ်လို့ ဂျာမနီမြေမှာ ရလဒ်ကောင်းတစ်ခုကို မျှော်လင့်နိုင်ပါတယ်။ ပီအက်စ်ဂျီ မရှုံးနိုင်လောက်ပါဘူး။

ရှာရစ်ဖ် နဲ့ အင်တာမီလန် (2:30AM)

မထင်မှတ်ထားတာတွေ လုပ်ဆောင်ပြနေတဲ့ ရှာရစ်ဖ်တို့ ဒီတစ်ကြိမ်မှာရော အင်တာကို ဘာတွေလုပ်ပြသွားဦးမခဲဆိုတာ ဒီပွဲအတွက် စိတ်ဝင်စားစရာ အကြောင်းအရင်းပါပဲ။ သူတို့ရဲ့အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့် ပွဲစဉ်အတွင်းမှာ အိမ်ရှင်ရှာရစ်ဖ်တို့ အင်တာကို အခက်တွေ့အောင် ကစားနိုင်မှာတော့ သေချာပါတယ်။ အိမ်ကွင်းမှာတော့ ရှာရစ်ဖ်တို့ အင်တာကို မရှုံးရအောင် ကစားနိုင်ပါလိမ့်မယ်။