ဘောလုံးပရိသတ်တွေ စောင့်ဆိုင်းနေရတဲ့ ချန်ပီယံလိဂ်ညချမ်းတွေ ပြန်လည်ရောက်လာပါပြီ။ အခုဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲက အုပ်စုအဆင့် ပွဲစဉ်(၃)အထိကိုတောင် ရောက်ရှိနေပြီဖြစ််လို့ အသင်းတိုင်းက နောက်တစ်ဆင့် တတ်လှမ်းနိုင်ရေးအတွက် ပို်ပြီးကို အကြိတ်အနယ် ကြိုးပမ်းကြရတော့မှာဖြစ်သလို မဖြစ်မနေကို စောင့်ကြည့်သွားရမယ့် ပွဲကြီးပွဲကောင်းတွေကလည်း ပါဝင်နေတာမို့ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းမှာ အသေအချာပါပဲခင်ဗျာ။

ကလပ်ဘရုဂေး နဲ့ မန်စီးတီး (ည၁၁နာရီ၁၅မိနစ်)

ကလပ်ဘရုဂေးကတော့ အုပ်စုကျပ်ထဲမှာတောင် စွမ်းဆောင်ရည်က အတော်လေး ကောင်းမွန်နေတယ်။ ဒါပေမယ့် မန်စီးတီးအသင်းကလည်း လူစုံပြန်ပါလာတော့ ဖြစ်သလို ပီအက်စ်ဂျီနဲ့ပွဲက အရှုံးရလဒ်ကိုလည်း ပြန်ကုစားဖို့ လိုအပ်နေပါတယ်။ ဥရောပစစ်မျက်နှာပြင်မှာ တစ်ကြိမ်တစ်ခါမှ မဆုံဖူးထားခဲ့သေးတဲ့ ဒီအသင်းနှစ်သင်းရဲ့ ဘယ်လ်ဂျီယံမြေပေါ် ပထမဆုံးအကြိမ် စတင်ဆုံတွေ့မှုမှာ ဧည့်သည်မန်စီးတီးပဲ အနိုင်ရလိမ့်မယ်လို့ ထင်မိပါတယ်။

ပေါ်တို နဲ့ အေစီမီလန် (မနက်၁နာရီခွဲ)

မီလန်က လီဗာပူးလ်ရော အသက်လက်တီကိုရောပါ အရေးနိမ့်ထားတာဖြစ်လို့ ဒီပွဲကိုပါ ထပ်ခြေချော်မယ်ဆိုရင် နောက်တစ်ဆင့်တတ်ရေးက အခြေအနေမဟန်သလို ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် အိမ်ကွင်းကစားပုံ မာကြောမှုရှိတဲ့ ပေါ်တိုကြောင့် မီလန်တို့ ဒီပွဲလည်း ရုန်းကန်ရနိုင်ပါတယ်။ သရေကျဖွယ် ရှိနေပေမယ့် ပွဲကို ပိုမိုအာရုံစိုက် ကစားလာနိုင်တဲ့ မီလန်လည်း ကပ်အနိုင်ရဖွယ် ရှိနေပါတယ်။

အသက်လက်တီကို နဲ့ လီဗာပူးလ် (မနက်၁နာရီခွဲ)

တိုက်စစ်အား အရမ်းကောင်းနေတဲ့ လီဗာပူးလ် အဝေးကွင်း(၇)ပွဲဆက်တိုက် (၃)ဂိုးနဲ့အထက် သွင်းယူထားနိုင်တဲ့ လီဗာပူးလ်တိုက်စစ်ကို အိမ်ရှင်တို့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကလို ရပ်တန့်နိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။ ကလော့ပ်ရဲ့ လီဗာပူးလ်ကလည်း စပိန်မြေမှာ လာလီဂါကလပ်တွေနဲ့ ရင်ဆိုင်ရတိုင်းမှာ ရလဒ်မကောင်းလေ့ရှိတဲ့ အစဉ်အလာကို ချိုးဖောက်ဖို့ လိုအပ်နေသလို အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမယ့် ဆွာရက်ဇ်ကလည်း ဘာတွေလုပ်ပြနိုင်မလဲဆိုတာကို စောင့်ကြည့်ရမယ်။ လတ်တလောမှာ ရလဒ်တွေ တောက်လျှောက်ကောင်းနေတဲ့ လီဗာပူးလ်တို့ကပဲ ရှုံးကြွေးပြန်ဆပ်နိုင်ပါလိမ့်မယ်။

ရှက်တာဒိုးနက် နဲ့ ရီးယဲလ်မက်ဒရစ် (မနက်၁နာရီခွဲ)

ရှာရစ်ဖ်ရဲ့ ခြေစွာမှုကြောင့် အုပ်စု(D)က ထိပ်တန်းအသင်းတွေအတွက် နောက်တစ်ဆင့်တတ်ရေးက ကမောက်ကမာတွေ ဖြစ်လာရပြီး အမှားခံလို့ မဖြစ်တော့တဲ့ အခြေအနေ ဖြစ်လာခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဆုံတွေ့မှုမှာ ရှက်တာကို ရီးယဲလ်ကို နှစ်ကျော့လုံး ဒုက္ခပေးထားနိုင်တယ်ဆိုပေမယ့် ဒီတစ်ကြိမ် ရီးယဲလ်ဘက်က အမှားခံတော့မှာ မဟုတ်ပါဘူး။ Nations League ချန်ပီယံ ဖြစ်ထားတဲ့ ဘန်ဇီမာရဲ့ ရုန်းအားတွေနဲ့ပဲ ယူကရိန်းမြေမှာ ရီးယဲလ်တို့ ရလဒ်ကောင်းပါမယ်။